သမ္မတ အိုဘားမား လူထုရှေ့မှောက် ကျမ်းကျိန်ပွဲ

သမ္မတကတော်နဲ့ သမီးနှစ်ယောက်ခြံရံလျှက် သမ္မာကျမ်းစာနှစ်အုပ်ကို ကိုင်တွယ်ကာ သစ္စာဆိုနေသော သမ္မတ အိုဘားမား။ (ဇန်နဝါရီလ ၂၁၊ ၂၀၁၃။)

အမေရိကန်သမ္မတ ဘရက်ခ်၊ အိုဘားမားဟာ ဒီကနေ့ တနင်္လာနေ့မှာ ပါလီမန် အဆောက်အဦးရဲ့ အရှေ့ဘက်မှာ လူထုရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲပြီးတဲ့နောက် သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်း တာဝန်ထမ်းဆောင်မှုအတွက် ခရီး စတင်မယ့်အထိမ်းအမှတ် ချီတက်ပွဲမစတင်ခင် သမ္မတအိုဘားမားဟာ လူထုကို အမှာစကား ပြောခဲ့ပါတယ်။

သမ္မတကျမ်းသစ္စာကျိန်ဆိုတဲ့ လီမန်လွှတ်တော် ခန်းမရဲ့ရှေ့ ပြည်သူ့ရင်ပြင်တဝိုက် မှာ နိုင်ငံတဝန်းက ပြည်သူလူထု ၈၀၀,၀၀၀ လောက် လာရောက်ကြည့်ရှုလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာဆိုရင် လွန်ခဲ့တဲ့ လေးနှစ်တုန်းက ပထမဆုံးအကြိမ်အဖြစ် အာဖရိကန်-အမေရိကန်နွယ်ဖွား လူမည်းတစ်ဦး သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့စဉ်က တက်ရောက်ခဲ့တဲ့ လူပေါင်း နှစ်သန်း ရှိခဲ့တာနဲ့စာရင်တော့ ကွာခြားမှု ရှိနေပါလိမ့်မယ်။

မစ္စတာ ဘရက်ခ် အိုဘားမားရဲ့ တရားဝင်ကျမ်းသစ္စာကျိန်ဆိုတဲ့ သီးသန့်အခမ်းအနားကို တနင်္ဂနွေနေ့က သမ္မတ အိမ်ဖြူတော်မှာ ကျင်းပခဲ့ပြီးပါပြီ။ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့ဟာ တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် သမ္မတဟာ အစဉ်အလာမပျက် လူထုရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆိုမှုကို ပါလီမန်အဆောက်အဦးရှေ့မှာ တနင်္လာနေ့ ထပ်မံပြုလုပ်ဖို့ ရှိနေတာပါ။

တနင်္လာနေ့ သမ္မတအဖြစ် လူထုရှေ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားသူကြီးချုပ် ဂျွန်ရောဘတ်က ကမကထပြု ဆောင်ရွက်ကျင်းပပေးပါတယ်။

အခုတကြိမ် ကျမ်းသစ္စာကျိန်ဆိုတဲ့နေရာမှာ သမ္မတအိုဘားမားဟာ သမ္မာကျမ်း စာအုပ် နှစ်အုပ်ကို ကိုင်တွယ်ပြီး သစ္စာဆိုခဲ့ပါတယ်။ ပထမကျမ်းကတော့ ၁၈၆၁ ခုနှစ်တုန်းက ၁၆ ယောက် မြောက် အမေရိကန် သမ္မတဟောင်း အေဘရာဟင် လင်ကွန်းအနေနဲ့ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ကိုင်တွယ် ကျိန်ဆိုခဲ့တဲ့ ကျမ်းစာအုပ်ဖြစ်ပြီးတော့ နောက် ကျမ်းစာအုပ်ကတော့ အရပ်သားအခွင့်အရေး လှုပ်ရှားဆောင်ရွက်ရင်း လုပ်ကြံခံခဲ့ရတဲ့ မာတင်လူသာကင်း ကိုင်ဆောင်ခဲ့တဲ့
Traveling Bible ဆိုတဲ့ ကျမ်းစာအုပ်ဖြစ်ပါတယ်။

ဒီကနေ့ တနင်္လာနေ့ဟာ အမေရိကန် ၁၉၆၈ ခုနှစ်တုန်းက လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ မာတင်လူသာကင်းကို အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရ ရုံးပိတ်ရက်အဖြစ်လည်း သတ်မှတ်ထားပါတယ်။