အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ နောက်နှစ်ကျရင် လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကိုတက်ရောက်ဖို့ သွားရောက်မှာမို့ လာအိုနိုင်ငံ ကို ပထမဆုံးသွားရောက်တဲ့ အမေရိကန် သမ္မတဖြစ်ပါလိမ့်မယ်။
အမေရိကန်နဲ့လာအိုအကြား နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆက်ဆံရေး အလားအလာကောင်း ရှိလာနိုင်ခြေကို သမိုင်းဝင်ခရီးစဉ် မတိုင်ခင်မှာ တွေ့မြင်ထားပါတယ်လို့ သမ္မတရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Ben Rhodes က ဗုဒ္ဓဟူးနေ့မှာလုပ်တဲ့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးပွဲတခုအတွင်း ပြောသွားပါတယ်။
နှစ်နိုင်ငံအကြား ပေါ်ထွန်းလာနေတဲ့ ဆက်ဆံရေးဟာ ကျန်းမာရေး၊ အဟာရပြည့်ဝရေးနဲ့ အခြေခံပညာရေးလို ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ အာရုံစိုက်တယ်လို့ မစ္စတာ Rhodes ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ လာအိုအစိုးရအတွက် တကယ့် မိတ်ဘက်နိုင်ငံတခု တိုးပြီး ဖြစ်လာနေပါပြီလို့ သူကဆိုပါတယ်။ မစ္စတာ Rhodes ဟာ နောက်နှစ် အာဆီယံအစည်းအဝေးတွေအတွက် လုပ်ဆောင်စရာ တွေကို ပြင်ဆင်တဲ့ တစိတ်တပိုင်းအနေနဲ့ အရှေ့တောင်အာရှဒေသကိုသွားတဲ့ ခရီးစဉ်ကနေ မကြာသေးခင်ကမှ ပြန်ရောက်လာ တာပါ။
အမေရိကန်ပြည်ထောင်စုဟာ အရှေ့တောင်အာရှဒေသကို သမိုင်းကြောင်းအမြင်နဲ့ ချဉ်းကပ်ကြည့်မြင်ပါတယ်လို့ ဝါရှင်တန်မြို့တော်အခြေစိုက် မဟာဗျူဟာ နဲ့ နိုင်ငံတကာရေးရာလေ့လာရေးဌာန CSIS မှာ မစ္စတာ Rhodes က ပြောတာပါ။ လာအိုနိုင်ငံမှာတော့ ၁၉၇၀ ပြည့်နှစ် ဗီယက်နမ် စစ်ပွဲရဲ့ တစိတ်တပိုင်းအဖြစ် အမေရိကန်က လာအိုကို ကျူးကျော် ချိန်အတွင်း ဗုံးတွေကျဲချခဲ့တာနဲ့ဆက်စပ်တဲ့ ရုပ်ဆိုးတဲ့ သမိုင်း ကြောင်းအခြေခံနဲ့ ကြည့်မြင်ပါတယ်လို့ မစ္စတာ Rhodes ကပြောသွားပါတယ်။