ကန်သမ္မတရဲ့ ကျူးဘား ခရီးစဉ် တနင်္ဂနွေ စတင်မည်

ကန်သမ္မတရဲ့ ကျူးဘား ခရီးစဉ် ကျူးဘားကြိုဆို။ (မတ် ၁၇၊ ၂၀၁၆)

အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ တနင်္ဂနွေနေ့မှာ ကျူးဘားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေ ကျူးဘားနိုင်ငံကို အလည်အပတ် သွားဖို့ ပိုလွယ်ကူ သွားစေမယ့် စည်းကမ်း သတ်မှတ်ချက် ပြုပြင်ပြောင်းလဲရေး အသစ်တွေ ချမှတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Susan Rice ကပြောပါတယ်။

“ပိုပြီးကြီးမားတဲ့ ကုန်သွယ်ရေး၊ ခရီးသွားလာရေးနဲ့ အမေရိကန်နဲ့ ကျူးဘားနိုင်ငံသားတွေအကြား ဆက်ဆံရေးတွေအပါ အဝင် ထိတွေ့ဆက်ဆံတာဟာ အခွင့်အလန်းတွေကို ဖန်တီးတာမှာ အထောက်အကူဖြစ်စေဖို့နဲ့ ကျူးဘားလူထုအတွက် တိုးတက် မှုဖြစ်လာစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း သူ့ခရီးစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ကျူးဘားလူထုရဲ့ လိုအင်ဆန္ဒတွေကို ထင်ဟပ်ပြောဆိုမယ့် လူ့အခွင့်အရေးလှုပ်ရှားသူတွေ အပါအဝင် အရပ်ဖက် လူမှုအဖွဲ့အစည်း တွေကခေါင်းဆောင်တွေ နဲ့ သမ္မတတွေ့ဆုံပါမယ်။” လို့ Susan Rice ကပြောပါတယ်။

သမ္မတအိုဘားမားရဲ့ အခုခရီးစဉ်အပေါ် ကျူးဘားနိုင်ငံနဲ့ ဆက်ဆံရေး ပြန်ကောင်းလာစေမယ့် သမိုင်းဝင် အခွင့်အရေးတခုအဖြစ် အများအပြားက မျှော်လင့်ထားတာပါ။

ကွန်ဂရက်လွှတ်တော်အမတ်တွေကြားမှာ တွန့်ဆုတ်တာတွေ ရှိတဲ့ကြားကပဲ ကွန်မြူနစ် ကျူးဘားနိုင်ငံနဲ့ စီးပွားရေးနဲ့ သံတမန်ရေးဆက်ဆံမှုတွေ ပြန်ထူထောင်ဖို့ သမ္မတအိုဘားမားက တွန်းတွန်းတိုက်တိုက် လုပ်ခဲ့ပါ တယ်။

ဟားဗားနားမြို့ခံ အမျိုးသမီး Ileana Yarza က သမ္မတအိုဘားမား သူ့ရဲ့အိမ်ကိုလာလည်ဖို့ ဖိတ်ကြားတာကို ခရီးစဉ် မစ ခင်မှာကတည်းက သမ္မတအိုဘားမားက လက်ခံထားပါတယ်။

အမေရိကန်ပြည်ထောင်စုကနေ ကျူးဘားနိုင်ငံဆီ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး တိုက်ရိုက် စာအဆက်အသွယ်လုပ်ပြီး သမ္မတက လက်ခံထားတာပါ။

လက်ရှိအမေရိကန်သမ္မတတဦး အနေနဲ့ နှစ်ပေါင်း ၉၀ နီးပါးအတွင်း ကျူးဘားနိုင်ငံပထမဆုံးခရီးစဉ်ဟာ သုံးရက်ကြာမှာဖြစ်ပြီး ကန့်ကွက်နေဆဲ လွှတ်တော် အမတ်တချို့အပါအဝင် ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီနှစ်ခုလုံးက လွှတ်တော်အမတ်တွေ အတူလိုက်ပါသွားကြမှာဖြစ်ပါ တယ်။