Boston ဗုံးခွဲတိုက်ခိုက်မှု စက်ဆုပ်ဖွယ် လုပ်ရပ်အဖြစ် အိုဘားမားရှုတ်ချ

သမ္မတ ဘရက်ခ် အိုဘားမား အင်္ဂါနေ့က နိုင်ငံတော်ကို မိန့်ခွန်းပြောကြားစဉ် (၁၆ ဧပြီ ၂၀၁၃)

ဧပြီလ ၁၅ ရက် တနင်္လာနေ့က Massachusetts ပြည်နယ် Boston မြို့ နှစ်ပတ်လည် မာရသွန်အပြေးပြိုင်ပွဲမှာ အကြမ်းဖက် ဗုံးပေါက်ကွဲမှုတွေဟာ စက်ဆုပ်ဖွယ်ကောင်းပြီး သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ အိုဘားမား က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ ဒီအကြောင်း အိမ်ဖြူတော်မှာရှိတဲ့ ဗွီအိုအေသတင်းထောက် Dan Robinson သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်း က တင်ပြပါလိမ့်မယ်ရှင်။

တနင်္လာနေ့က Boston မှာ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောပြီး ဒီတိုက်ခိုက်မှုတွေကို အကြမ်းဖက်လုပ်ရပ်အဖြစ် ဗဟိုအစိုးရထောက်လှမ်းရေးဌာန FBI က စုံစမ်းစစ်ဆေးနေတယ်လို့ ၂၄ နာရီတောင် မရှိတဲ့အချိန်အတွင်း ဒုတိယအကြိမ်အဖြစ် နိုင်ငံကို ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားသွားပါတယ်။

“ဒီတိုက်ခိုက်မှုဟာ စက်ဆုပ်ရွံရှာဖွယ်ရာကောင်းပြီး သရဲဘောကြောင်တဲ့ လုပ်ရပ်ပါပဲ။ ဖြစ်ခဲ့တဲ့အပေါ်မှာ စုံစမ်းသိရှိရသလောက် ဒီလုပ်ရပ်ကို အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ပြီး FBI က စုံစမ်းစစ်ဆေးနေပါတယ်။ အပြစ်မဲ့တဲ့အရပ်သားတွေအပေါ် ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်တာတွေဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်။”

ဒါ့အပြင် မင်္သကာဖွယ်ရာ မှန်သမျှကို သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကြောင်းကြားကြမယ့် အမေရိကန် နိုင်ငံသားတွေကိုလည်း အကာအကွယ်ပေးနိုင်ဖို့ လိုအပ်တဲ့ လုံခြုံရေး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ကို သူ့အစိုးရကို ညွှန်ကြားထားပြီး ဖြစ်သလို၊ ဗုံးခွဲတိုက်ခိုက်မှုတွေကိုလည်း စတင် စုံစမ်း စစ်ဆေးနေပြီလို့ သမ္မတ အိုဘားမား က ပြောပါတယ်။

“ဒီတိုက်ခိုက်မှုကို ဘယ်သူက လုပ်တယ်။ ဘာကြောင့်လုပ်တယ်။ စီစဉ်ချမှတ်ပြီး အကောင်အထည် ဖော်တာဟာ အကြမ်းဖက် အဖွဲ့အစည်းတခုလား။ ပြည်ပက လား။ ပြည်တွင်းကလား ဒါမှမဟုတ် မကျေမနပ်ဖြစ်နေတဲ့ လူတဦးရဲ့ လုပ်ရပ်လား စသဖြင့် ကျနော်တို့ မသိရသေးပါဘူး။ စပြီးတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ သဲလွန်စတိုင်းကို လိုက်ပြီးတော့ ခြေရာခံပြီးတော့ ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးရမှာမို့ အချိန်ကြာမြင့်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အဖြေထွက်အောင် ရှာနိုင်မှာပါ။ အမေရိကန်နိုင်ငံသားတွေကို ထိခိုက် အန္တရာယ် ကျရောက်စေခဲ့တဲ့ ဘယ်သူပဲဖြစ်ဖြစ် တွေ့အောင်ရှာပြီးတော့ တရားဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။”

တနင်္လာနေ့က ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခြင်းပြီး ရုပ်မြင်သံကြားတွေပေါ်မှာ
တွေ့ရှိခဲ့တဲ့ ဖြစ်ရပ်တွေကို သက်သေပြုကာ အမေရိကန်နိုင်ငံသားတွေရဲ့ အကြင်နာထားတဲ့ ကရုဏာစိတ်ဓာတ်နဲ့ အကြမ်းဖက်မှုကို အညံ့မခံတဲ့ စိတ်ဓာတ်ကို ကမ္ဘာက မြင်တွေ့ခဲ့ရပြီလို့လည်း သမ္မတ က ပြောပါတယ်။

“အမေရိကန်နိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်မှုကို လက်မြှောက်အရှုံးမပေးပါဘူး။ ပေါက်ကွဲမှုတွေအပြီး မနေ့တုန်းက ကမ္ဘာက တွေ့ခဲ့ရတာကို ကြည့်မယ်ဆိုရင် သတ္တိရှိကြတယ်။ ကြင်နာမှုတွေ ပြကြတယ်။ စေတနာ၊ မေတ္တာထားကြတာတွေကို တွေ့ရပါလိမ့်မယ်။ တာဝေးအပြေးသမားတွေ ခြေကုန်လက်ပန်း ကျနေကြပေမဲ့ အနီးဆုံး ဆေးရုံတွေကို ပြေးသွားကြပြီးတော့ သွေးလှူကြတယ်။ ဒဏ်ရာရတဲ့သူတွေကို ပြုစုဖို့ အနားမှာ နေပေးကြတယ်။ သူတို့ဝတ်ထားတဲ့ အင်္ကျီတွေကို ဆုတ်ပြီးတော့ ပတ်တီးအဖြစ် စည်းပေးကြတယ်။ အသက်ကယ်တင်နိုင်ဖို့ ပြေးကူကြတယ်။ ကမ္ဘာ့အကောင်းဆုံးထဲမှာ ပါတဲ့ ဆေးရုံတွေမှာ ဒဏ်ရာရသူတွေကို ဆေးဝန်ထမ်းတွေက မနားမနေ ကုသပေးနေကြတယ်။ ဒါကြောင့် အမေရိကန် ပြည်ထောင်စုဟာ ဘယ်လိုမျိုး နိုင်ငံဖြစ်တယ်။ သူများမကောင်းကြံတာကို ဘယ်လို တုံ့ပြန်သလဲဆိုတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ အတ္တစိတ်ကင်းတယ်။ စေတနာ၊ မေတ္တာထားတယ်။ သတ္တိရှိရှိ တုံ့ပြန်ကြပါတယ်။”

အင်္ဂါနေ့ သမ္မတရုံးခန်းမှာ FBI ဌာန ညွှန်ကြားရေးမှူး ရောဘတ် မူလာ (Robert Mueller)၊ အမိမြေလုံခြုံရေးဌာနဝန်ကြီး ဂျဲနက် နပူလီတာနို (Janet Napolitano)၊ အမိမြေလုံခြုံရေးဌာန အကြံပေးပုဂ္ဂိုလ် လီစာ မိုနာကို (Lisa Monaco) အပြင် အိမ်ဖြူတော် အရာရှိချုပ် ဒန်းနစ် မက်ဒေါနယ် (Denis Richard McDonough) တို့က သမ္မတထံ အခြေအနေတွေကို အစီရင်ခံခဲ့ကြပါတယ်။

Boston မာရသွန်အပြေးပြိုင်ပွဲ ပန်းဝင်တဲ့နေရာမှာ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် အသက် ၈ နှစ်အရွယ် ယောကျာ်းလေးတဦး အပါအဝင် လူ ၃ ဦး သေဆုံးကာ တခြားလူ ၁၇၆ ဦး ဒဏ်ရာရပြီး၊ အဲ့ဒီထဲက လူ ၁၇ ဦးဟာ အခြေအနေ စိုးရိမ်ရဆဲဖြစ်ပါတယ်။

Boston မာရသွန် အပြေးပြိုင်ပွဲ တိုက်ခိုက်မှုကို ကမ္ဘာတခွင် ဖြန့်ချက်ပြီး စုံစမ်းစစ်ဆေးသွားမှာဖြစ်သလို တာဝန်ယူ လုပ်ဆောင်ခဲ့ကြသူတွေကိုလည်း ကမ္ဘာမြေဆုံးတဲ့အထိ မတွေ့တွေ့အောင် လိုက်ရှာမှာဖြစ်တယ်လို့ FBI က ပြောပါတယ်။ FBI နဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး အစိုးရအရာရှိတွေအနေနဲ့ သတင်းရရင် ရသလို သတင်းမီဒီယာအပြင် လူထုထံကို အသိပေး အကြောင်းကြားသွားမှာဖြစ်တယ်လို့လည်း သမ္မတ အိုဘားမား က ကတိပေးသွားပါတယ်။