အိမ်ဖြူတော် အရာရှိချုပ်သစ် နာမည်ထုတ်ပြန်

အမေရိကန်သမ္မတ Barack Obama နဲ့ အသစ်ခန့်အပ်လိုက်တဲ့ အိမ်ဖြူတော် အရာရှိချုပ်r Denis McDonough ကို အိမ်ဖြူတော်တွင် တွေ့ရစဉ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က သူ့ရဲ့ လက်ထောက်တဦးအဖြစ် အချိန် အတော်ကြာ အမှုထမ်းခဲ့သူ တယောက်ကို - အစိုးရအဖွဲ့သစ်အတွင်း သြဇာကြီးတဲ့ ရာထူးတခုမှာ တာဝန်ပေးလိုက်ပါတယ်။ သမ္မတ က သူ့ရဲ့ အဓိက အကြံပေးပုဂ္ဂိုလ်တဦးဖြစ်တဲ့ Denis McDonough ကို သူ့ရဲ့ ၅ ယောက်မြောက် အိမ်ဖြူတော် အရာရှိချုပ် အဖြစ် သောကြာနေ့မှာပဲ ထုတ်ဖော် ကြေညာလိုက်တာပါ။

အရင်ကတော့ Mr McDonough ဟာ အိမ်ဖြူတော် နိုင်ငံခြားရေးရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ သူဟာဆိုရင် ၂၀၁၁ ခုနှစ် မေလထဲမှာတုန်းက အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် ကို သုတ်သင်ခဲ့တဲ့ အမေရိကန် အထူး ကွန်မန်ဒို တွေရဲ့ စီးနင်းတိုက်ခိုက်မှုကို သမ္မတ က ကြည့်ရူချိန်မှာ - တခြားလက်ထောက် အရာရှိတွေနဲ့အတူ - ရှိနေသူအဖြစ် - ဓာတ်ပုံမှတ်တမ်း တင်ခံရသူလည်း ဖြစ်ပါတယ်။

သမ္မတ အိုဘားမားကတော့ Mr McDonough ဟာ မရှိမဖြစ် ပုဂ္ဂိလ်ုတဦး - သူနဲ့အတူ အိမ်ဖြူတော်မှာ ရှိသူတွေ အားလုံးရဲ့ တကယ့် မိတ်ဆွေ အရင်းအချာတဦးလို့ ပြောဆိုခဲ့တာပါ။ Mr McDonough ဟာ ဘဏ္ဍာရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံထားရတဲ့ Jack Lew ရဲ့ နေရာကို လွှဲပြောင်းယူမှာ ဖြစ်ပါတယ်။

သောကြာနေ့မှာပဲ အိမ်ဖြူတော်အတွက် တခြား ဝန်ထမ်းနေရာ အတော်များများကိုလည်း ကြေညာခဲ့တာပါ။ တချိန်တည်းမှာပဲ ဗဟိုအစိုးရရဲ့ ဘုတ်အဖွဲ့တခုမှာ သမ္မတက လူ ၃ ယောက် ခန့်အပ်လိုက်တာဟာ အခြေခံ ဥပဒေနဲ့ညီညွတ်မှု မရှိဘူးလို့ သောကြာနေ့မှာပဲ ပြည်ထောင်စု အယူခံတရားရုံး တခုက ဆုံးဖြတ်ခဲ့ပါတယ်။