နယူးယောက်ကစတဲ့ Occupy လှုပ်ရှားမှု ကမ္ဘာ့နိုင်ငံတွေကို ပျံ့နှံ့

နယူးယောက်ကစတဲ့ Occupy လှုပ်ရှားမှု ကမ္ဘာ့နိုင်ငံတွေကို ပျံ့နှံ့

Occupy Wall Street လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကနေ စတင်ခဲ့တဲ့ စီးပွားရေး မညီမျှမှုကို တောင်းဆိုတဲ့ ဆန္ဒပြမှုဟာ နိုင်ငံတကာအထိပါ ဂယက်ရိုက်ခတ်မှုတွေ ရှိလာနေပါပြီ။ အီတလီနိုင်ငံ ရောမမြို့မှာ မနေ့တုန်းက ရာနဲ့ချီတဲ့ဆန္ဒပြသူတွေ ရောမမြို့ရဲ့လမ်းမတွေပေါ်မှာ ပြည့်နေခဲ့ကြပြီး အဲဒီအထဲက တချို့ဟာ အဆောက်အဦးတွေမှာရှိတဲ့ ပြတင်းပေါက်တွေကို ရိုက်ခွဲတာတွေနဲ့ မီးရှို့တာတွေ လုပ်ခဲ့ကြပါတယ်။ ရောမမြို့မှာ ရဲအင်အားကလည်း ကြီးကြီးမားမား ချထားပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ အဲဒီမှာလည်း ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ စိန့်ပေါလ် ဘုရားရှိခိုးကျောင်းနားမှာ လာပြီးစုရုန်းခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေဟာ သြစတေးလျ၊ နယူးဇီလန်၊ စပိန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေမှာပါ ဖြစ်ပွားနေတာပါ။

ပြင်သစ်နိုင်ငံမှာ G-20 လို့ခေါ်တဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ၂၀ ရဲ့ အစည်းအဝေးကို ကျင်းပနေတာပါ။ အဲဒီမှာ အဓိကဆွေးနွေးနေတာကလည်း ဥရောပက စီးပွားရေး အကျပ်အတည်းကိစ္စပါပဲ။ အမေရိကန် ပြည်ထောင်စုမှာလည်း မြို့တော်ဝါရှင်တန်ဒီစီနဲ့ နယူးယောက်မြို့ အပါအဝင် တခြားစီးပွားရေး အချက်အခြာကျတဲ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဆက်ပြီးဖြစ်ပွားနေတုန်းပါပဲ။

ဝါရှင်တန်ဒီစီမြို့တော်မှာ ဆန္ဒပြသူအင်အား ၅၀၀လောက်က မြို့တွင်းကို လှည့်ပြီးဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ မကျေမနပ်ဖြစ်နေတာက ဆင်းရဲသူနဲ့ ချမ်းသာသူတွေအကြား မညီမမျှ ဖြစ်လွန်းနေတဲ့ အချက်ကိုပါပဲ။ ဆန္ဒပြသူတွေက သူတို့ကိုယ်သူတို့ ၉၉ ရာခိုင်နှုန်းလို့ ခေါ်ကြပါတယ်။ ကျန်တဲ့ ၁ ရာခိုင်နှုန်းက ကမ္ဘာ့လူချမ်းသာတွေလို့ ပြောနေကြတာဖြစ်ပါတယ်။