အာရပ်နိုင်ငံတွေက နိုင်ငံရေး မတည်မငြိမ်မှုတွေရဲ့ အကျိုးဆက်အဖြစ် ရေနံဈေးတွေ မြင့်တက်လာတဲ့အတွက် စီးပွားရေး လုပ်ငန်းတွေအပေါ် ရိုက်ခတ်လာတဲ့ အထဲမှာ လေကြောင်းလုပ်ငန်းတွေလည်း ပါဝင်လိမ့်မယ်လို့ နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေး အသင်းက သတိပေးလိုက်ပါတယ်။ အာရှတလွှားနိုင်ငံတွေက လေကြောင်းလုပ်ငန်းတွေမှာလည်း အလားတူ ရိုက်ခတ်မှုတွေ ရှိလာနိုင်ပေမဲ့ မြန်မာနိုင်ငံအပါအဝင် ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးစနိုင်ငံတွေမှာတော့ သိသိသာသာ အကျိုးဆက်တွေ မရှိနိုင်ဘူးလို့လည်း လုပ်ငန်းရှင်တွေက မျှော်လင့်နေကြတာပါ။ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက လေကြောင်း လုပ်ငန်းတွေရဲ့ စီးပွားရေးအလားအလာတွေနဲ့ မျှော်လင့်ချက်တွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
အဓိကရေနံထုတ်လုပ်ရာ အာရပ်နိုင်ငံတွေက နိုင်ငံရေးအုံကြွမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ရေနံစိမ်း စည်တပေပါကို ဒေါ်လာ ၁၀၀ ကျော်အထိ ဈေးနှုန်းတွေ မြင့်တက်လာနေတာမို့ ဒါဟာဆိုရင် နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေး အသင်း (IATA) က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ခန့်မှန်းထားတာထက် အဆမတန်များနေတာ ဖြစ်ပါတယ်။ ဒီလို ရေနံဈေးတွေ မြင့်တက် လာနေတဲ့အတွက် လေကြောင်းလုပ်ငန်းတွေက အကျိုးအမြတ်တွေဟာ ထက်ဝက်လောက်အထိ ကျဆင်းနိုင်တယ်လို့လည်း IATA ရဲ့ မတ်လထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာက သတိပေးလိုက်တာပါ။ အရင်နှစ်ထဲမှာ လေကြောင်းလုပ်ငန်းတွေကနေ အကျိုးအမြတ် ဒေါ်လာသန်းပေါင်း ၁၆,၀၀၀ ရခဲ့ရာကနေ ဒီနှစ်မှာတော့ သန်းပေါင်း ၈,၆၀၀ လောက်အထိ ကျဆင်းသွားနိုင်တယ်လို့ ၂၀၁၁ ခုနှစ်အတွက် ခန့်မှန်းချက်မှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
IATA ရဲ့ ညွှန်ကြားရေးမှူးချုပ် ဂျီယိုဗန်နီ ဘစ်ဆစ်ဂ်နာနီ (Giovanni Bisignani) ကတော့ လောင်စာဆီဈေး ကြီးမြင့်မှုဟာ လေကြောင်းလုပ်ငန်းအတွက်တော့ ကြီးမားတဲ့ စိမ်ခေါ်မှုဖြစ်မယ်လို့ ပြောဆိုခဲ့တာပါ။
“သိသာမြင်သာတဲ့ အကြောင်းရင်းတခု အနေနဲ့ကတော့ နိုင်ငံရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်နေတဲ့ ကိစ္စပါပဲ။ အီဂျစ်၊ လစ်ဗျားနဲ့ ကျူးနီးရှား နိုင်ငံတွေမှာ ပြဿနာတွေ ကြုံနေရတာပါ။ ဒီဒေသမှာ လေကြောင်းပျံသန်းမှုတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက် ရှိနေတာဖြစ်သလို၊ ဒါတွေအားလုံးကိုလည်း နိုင်ငံရေး အခြေအနေတွေက တကယ့်ကို သိသိသာသာ ဂယက်ရိုက်ခတ်နေပါတယ်။ ပင်လယ်ကွေ့ဒေသမှာ ရေနံဈေးတွေတက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေလည်း ကျဆင်းလာပါတယ်။”
မြောက်အမေရိကတလွှားက လေကြောင်းလိုင်းတွေမှာတော့ ပြီးခဲ့တဲ့နှစ်ကထက် ဒေါ်လာသန်းပေါင်း ၁,၅၀၀ လောက် လျော့နည်းပြီး သန်းပေါင်း ၃,၂၀၀ လောက်သာ ရမယ်လို့ မျှော်လင့်ထားတာ ဖြစ်သလို၊ အထိအနာဆုံး အဖြစ်နဲ့ ဥရောပကတော့ ဒေါ်လာသန်း ၅၀၀ လောက်ပဲ ရနိုင်တယ်လို့ IATA ရဲ့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။ လေကြောင်းလုပ်ငန်းတွေ ကျဆင်းမယ့် အရိပ်အယောင်တွေ ရှိနေတဲ့ အထဲမှာ အရင်နှစ်မှာတုန်းက ဒေါ်လာသန်းပေါင်း ၇,၆၀၀ ဝင်ငွေရခဲ့တဲ့ အာရှပစိဖိတ်ဒေသ အနေနဲ့လည်း သန်းပေါင်း ၃,၇၀၀ လောက်အထိ ဝင်ငွေတွေ ကျဆင်းနိုင်တယ်လို့လည်း တွက်ဆထားတာပါ။
ဒီအတွက် မြန်မာနိုင်ငံ အပါအဝင် အာရှတလွှားက ခရီးစဉ်တွေမှာ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေ အနေနဲ့ တွက်ချေပိုကိုက်စေဖို့ ဝန်ဆောင်မှုစားရိတ် တိုးမြှင့်တာမျိုးလို အစီအမံမျိုးတွေကို ဆောင်ရွက်လာကြလိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးခင်အောင်ထွန်း ကပြောပါတယ်။
“အဲယားလိုင်းတွေက အမြတ်ငွေတွေ စပြီးတော့ပါကုန်ပါလိမ့်မယ်။ အမြတ်ငွေ ဘယ်လောက်အထိ ပါမလဲဆိုတာကိုတော့ သူတို့က တွက်မှာပဲ။ တွက်တဲ့အခါမှာ ဟိုတခါ လောင်စာဈေးတွေ တက်လာတုန်းက ၁၅၀-၅၅ စသဖြင့် ဖြစ်တုန်းက လောင်စာဆီစားရိတ် အနေနဲ့ ယူတယ်။ ဥပမာ ရန်ကုန်-စင်္ကာပူ သွားမယ့်လူကို ၂၀ ယူလိုက် ၃၀ ယူလိုက် ၁၅ ဒေါ်လာ ယူလိုက် ဒါမျိုးလုပ်ကောင်း လုပ်လိမ့်မယ်။ ဒါပေမဲ့ အခုအထိတော့ မလုပ်သေးဘူး။ ဘာကြောင့်မလုပ်သေးလဲဆိုတော့ မြန်မာပြည်နဲ့က လမ်းကြောင်းက ကောင်းနေတယ်။ ကောင်းနေတော့ အခုအထိတော့ မလုပ်သေးဘူး။ ဘယ်တော့ လုပ်မလဲ ဆိုတာကတော့ ခရီးသည် အဝင်နည်းသွားမလား၊ များသွားမလား ဆိုတဲ့အပေါ်မှာ မူတည်တယ်။ အခုက အာရပ်ကမ္ဘာကို သွားမယ့်သူတွေက ဥရောပနဲ့ အာရှပစိဖိတ်ဘက်ကို လှည့်လာတာကိုး။ အဲဒီအခါကျတော့ အာရှလေကြောင်းလိုင်းတွေ ထိုင်းတို့၊ စင်္ကာပူအဲယားလိုင်းတို့ ဘာတို့ အတွက်ကျတော့ အသွားအလာ ပိုများလာတာပေါ့။ ဒါပေမဲ့လည်း အာရပ်က အခြေအနေက ပိုဆိုးလာတယ်၊ ရေနံဈေးကလည်း ၁၁၀-၂၀-၃၀ ကနေ ၄-၅ ဆယ် ဖြစ်လာပြီဆိုရင် သူတို့ဘက်က စားရိတ်တွေ တက်လာမှာပါပဲ။”
ကမ္ဘာတဝန်းက လေကြောင်းလုပ်ငန်းတွေနဲ့ စာရင်တော့ အာရှပစိဖိတ်ဒေသက ရမယ့်ဝင်ငွေဟာ အများဆုံး ဖြစ်နေလိမ့်ဦးမယ်လို့လည်း IATA က ပြောပါတယ်။ လတ်တလော မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း လေကြောင်းလုပ်ငန်းတွေမှာတော့ လောင်စာဆီဈေးနှုန်း မြင့်တက်လာတဲ့ ဂယက်ရဲ့ ရိုက်ခတ်မှုတွေကို သိသိသာသာ မတွေ့ရသေးဘူးလို့လည်း ခရီးသွားလုပ်ငန်းရှင်တွေက ပြောကြပါတယ်။
အဆိုးထဲက အကောင်းအဖြစ်နဲ့ အာရပ်နိုင်ငံတွေက မတည်ငြိမ်မှုတွေကြောင့် အာရှဒေသအပါအဝင် တခြားနေရာတွေကို ခရီးစဉ်တွေ ပြောင်းလာကြသူတွေနဲ့ လေကြောင်းလုပ်ငန်းတွေမှာ အမြတ်ထွက်နေတာတွေတောင် ရှိနေတယ်လို့ ဘန်ကောက်မြို့က မြန်မာ ခရီးသွား လုပ်ငန်းရှင်တယောက်က ပြောပြပါတယ်။
“အခုလောလောဆယ်တော့ မပြောင်းသေးဘူး၊ သိသိသာသာတော့ မပြောင်းသေးဘူး။ ဈေးတွေဘာတွေကတော့ ကောင်းနေတုန်းပဲ၊ လူတွေလည်း အစီးများနေတုန်းပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အခုက ဟိုဘက်မှာ ပြဿနာဖြစ်၊ ဒီဘက်မှာ အေးနေတယ်ဆိုတော့ ခရီးသွား ဒီဘက်မှာ များလာတာပေါ့။ အခုတော့ ကမ္ဘောဒီးယားရယ်၊ ထိုင်းရယ်၊ မြန်မာပြည်ရယ်၊ မြန်မာပြည်လည်း အခုတလော ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ ဗီဇာလေးဘာလေး နည်းနည်းပြန်ချောင်လာတော့ သွားကြပါတယ်။ လေယာဉ်တွေလည်း ပြည့်တယ်။”
IATA ကတော့ ဒီနှစ်အတွက် ပျမ်းမျှလောင်စာဆီဈေးနှုန်းဟာ ရေနံစိမ်းတစည်ကို ၈၄ ဒေါ်လာ အထိရှိမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ခန့်မှန်းထားရာက အခုအခါ ၉၆ ဒေါ်လာအထိ ဖြစ်မယ်လို့ ပြန်လည်တွက်ချက်ခဲ့တာပါ။ ဒီအတွက်လည်း လေကြောင်းလုပ်ငန်းက လောင်စာဆီအတွက် ကုန်ကျစားရိတ်တွေမှာ နောက်ထပ် သန်း ၁ သောင်းလောက်တိုးပြီး သန်းပေါင်း ၁၆၆,၀၀၀ လောက်အထိ ဖြစ်လာလိမ့်မယ်လို့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြပါတယ်။ လောင်စာဆီဈေးနှုန်းဟာ အရင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ မျှော်လင့်ရတဲ့အတွက်လည်း လေကြောင်းလုပ်ငန်း လည်ပတ်မှုစားရိတ်ရဲ့ ၂၉ ရာခိုင်နှုန်းဟာ လောင်စာအတွက် သုံးစွဲရတာ ဖြစ်လိမ့်မယ်လို့ IATA က ခန့်မှန်းထားတာပါ။ ဒီလို လေကြောင်းလုပ်ငန်းမှာ စိန်ခေါ်မှုတွေ ကြုံနေရတဲ့ ကြားကပဲ မြန်မာနိုင်ငံအပါအဝင် အာရှတလွှားက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာနေတဲ့ နိုင်ငံတွေမှာတော့ လုပ်ငန်းတွေကို တိုးချဲ့လာနေကြတာပါ။
မြန်မာနိုင်ငံမှာလည်း ၂၀၁၁ ခုနှစ်ဆန်းပိုင်းကစလို့ လေကြောင်းလုပ်ငန်းတွေ ချဲ့ထွင်လာနေရာမှာ ကမ္ဘောဒီးယား၊ တရုတ်စတဲ့ ခရီးစဉ်တွေအပြင် တခြားအာရှဒေသတွေကိုပါ ပြေးဆွဲသွားဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးခင်အောင်ထွန်း ကပြောပါတယ်။
“အဲယားရန်ကုန် ရပ်သွားပြီးတဲ့နောက် Asia Wings ဆိုတာဆွဲတယ်။ အဲယား ကမ္ဘောဇကလည်း ၄ စင်းအထိဆွဲမယ်၊ MAI က Siem Reap ကို တပတ် ၂ ကြိမ်စဆွဲတယ်။ ဂွမ်ဂျိုးကို တပတ် ၂ ကြိမ်စတယ်။ ဒီနှစ်ထဲမှာပဲ ဂျပန်တို့ ကိုရီးယားတို့ကို MAI က ထပ်ချဲ့ဖို့ ရှိတယ်။ နောက်ဘာလီတို့ဘာတို့ ကြားခရီးစဉ်တွေပေါ့၊ ဘန်ကောက်၊ စင်္ကာပူစနေတာ ၄ လ ၅ လလောက် ရှိပါပြီ။”
အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေကတော့ ပြီးခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း ခရီးသွားပေါင်း ၃ သိန်းလောက် မြန်မာနိုင်ငံကို လာခဲ့တယ်လို့ ဖော်ပြထားပြီး၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးကာလအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ဝန်ဆောင်မှုလုပ်ငန်းက ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ သန်းခွဲကျော် ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေး အသင်း (IATA) ကတော့ အာရှပစိဖိတ်ဒေသက စီးပွားရေးဖွံ့ဖြိုးမှုအခြေအနေတွေ ရှိနေတဲ့အတွက် လေကြောင်းလုပ်ငန်းမှာ အကျိုးအမြတ် ခံစားရနိုင်တဲ့ အလားအလာတွေ ရှိနေဆဲ ဖြစ်တယ်လို့ မတ်လဆန်းမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။ တချိန်တည်းမှာပဲ ဒေသတွင်းက စီးပွားရေးအင်အားကြီး နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံမှာ ငွေကြေးဖောင်းပွမှု ပြဿနာကို တိုက်ဖျက်နေတဲ့ အစီအမံတွေကြောင့် ကုန်သွယ်မှုတွေ၊ လေကြောင်းက ကုန်တင်ပို့တဲ့ လုပ်ငန်းတွေမှာတော့ နှေးကွေးစေမယ့် အကြောင်းရင်းတွေ ဖြစ်နေတုန်းပဲလို့ သတိပေးထားတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။