မက္ကဆီကို ပင်လယ်ကွေ့ ရေနံယိုဖိတ်မှု ထိန်းချုပ်ရာ တိုးတက်မှုတချို့ တွေ့

အမေရိကန် ပြည်ထောင်စုက မက္ကဆီကို ပင်လယ်ကွေ့မှာ ထုနဲ့ထည်နဲ့ ရေနံတွေ ယိုစိမ့်ထွက်နေတဲ့ ကိစ္စကြောင့် British Petroleum ရေနံကုမ္ပဏီကြီးရဲ့ အကြီးအကဲ ရာထူးကနေ သူ နှုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ BP အမှုဆောင် အရာရှိချုပ် တိုနီ ဟေးဝါ့ဒ် (Tony Hayward) က ဒီကနေ့ BBC ရုပ်မြင်သံကြားနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။

မိမိတို့ရဲ့ ဗြိတိသျှ ရေနံကုမ္ပဏီကြီး BP ဟာ ဒီအရေးအခင်းကို ပြီးဆုံးသွားအောင် ဖြေရှင်း ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ဒီလို ဖြေရှင်းသွားနိုင်တဲ့ အနေအထားမှာ BP မှာ ရှိတယ်လို့လည်း သူ့အနေနဲ့ ထင်မြင်ယူဆကြောင်း BBC ကို မစ္စတာ ဟေးဝါ့ဒ်က ပြောသွားခဲ့ပါတယ်။

ရေအောက်ကြမ်းပြင်က ရေနံတွင်းပေါ်မှာ အဖုံးနဲ့ ဖုံးအုပ်လိုက်တဲ့ လုပ်ဆောင်မှုရဲ့ နောက်ဆုံး ၂၄ နာရီအတွင်းမှာ ယိုစိမ့်ထွက်နေတဲ့ ရေနံစိမ်းတွေ စည်ပေပါပေါင်း ၁၀,၀၀၀ လောက်ကို ကဲ့ယူနိုင်ခဲ့တယ်လို့လည်း မစ္စတာ ဟေးဝါ့ဒ်က ဆိုပါတယ်။

ပထမအဖုံးကို ဒုတိယမြောက်အဖုံးနဲ့ အစားထိုး လဲလှယ်ဖုံးအုပ်ပြီး ရေနံစိမ်းတွေ ကဲ့ယူတာကို ဒီသီတင်းပတ်ထဲမှာ BP က အပြီး လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ထားကြောင်းကိုလည်း မစ္စတာ ဟေးဝါ့ဒ်က ပြောသွားခဲ့ပါတယ်။

အခုဖြစ်ရပ်မှာ အမေရိကန် အစိုးရဘက်က တာဝန်ယူ ကြီးကြပ်နေတဲ့ အငြိမ်းစား ကမ်းခြေစောင့်တပ်ဖွဲ့ ရေတပ်ဗိုလ်ချုပ်ကြီး သပ်ဒ် အယ်လ်လန် (Thad Allen) ကတော့ ရေထဲမှာ ရေနံတွေ ရှိနေသရွေ့ ဘယ်သူမှ ဒီကိစ္စကို အခုပြီးသလောက်လေးနဲ့ ကျေနပ်မနေသင့်ဘူးလို့ အမေရိကန် ရုပ်မြင်သံကြားဌာန တခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။

ဧပြီလ ၂၀ ရက်နေ့က မက္ကဆီကို ပင်လယ်ကွေ့မှာ ကမ်းလွန်ရေနံ တူးဖော်နေတဲ့ BP ရဲ့ ရေနံတူးစင်ကြီး ပေါက်ကွဲ ပျက်စီးသွားခဲ့တဲ့ အချိန်ကစလို့ နေ့စဉ် ရေနံစိမ်းတွေ စည်ပေပါပေါင်း ၁၉,၀၀၀ လောက် ယိုစိမ့်ထွက်နေတယ်လို့ BP က ပြောဆိုပေမဲ့ ဒီကိန်းဂဏန်းဟာ ဒီ့ထက်မကဘူးလို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ပြောဆိုနေကြပါတယ်။