Oklahoma ဘေးဒုက္ခ အမေရိကန် ကုန်ကျစရိတ် အများဆုံးထဲပါဝင်

အခု သီတင်းပတ်အတွင်း အမေရိကန် ပြည်ထောင်စု Oklahoma က Moore မှာ တိုက်ခတ်သွားတဲ့ လေဆင်နှာမောင်းဟာ အမေရိကန် ပြည်ထောင်စု သမိုင်းမှာ ပျက်စီးဆုံးရှုံးမှု တစ်ခု ဖြစ်သွားခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံကနေ ၃ ဘီလီယံအထိ စီးပွားရေး ဆုံးရှုံးမှု ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

Planalytics ရာသီဥတု လေ့လာသုံးသပ်ရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ဆုံးရှုံးမှုဟာ ဒေါ်လာ ၂ ဘီလီယံ ကနေ ၃ ဘီလီယံ အထိ ရှိနိုင်တယ်လို့ အဲဒီအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အီဗန် ဂိုး (Evan Gold) က ဗွီအိုအေကို ပြောပါတယ်။

Kinetic Analysis အဖွဲ့က သုတေသီ ချက် ဝပ်စန် (Chuck Watson) ကလည်း သူတို့ ခန့်မှန်းချက်အရဆိုရင် ဆုံးရှုံးမှုဟာ ၁ ဒဿမ ၅ ဘီလီယံကနေ ၂ ဘီလီယံအထိ ရှိနိုင်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

တနင်္လာနေ့က လေဆင်နှာမောင်းကြောင့် Oklahoma မြို့စွန်က Moore မှာ နေထိုင်တဲ့ နေအိမ် အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူ ၂၄ ဦးထက်မနည်း သေဆုံးပြီး၊ လူပေါင်း ၂၄၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ စီးပွားရေး ဆုံးရှုံးမှုရဲ့ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိကို အိမ်ပိုင်ရှင်တွေ စီးပွားရေးလုပ်ငန်းတွေ ယူထားတဲ့ အာမခံလုပ်ငန်းတွေက ပေးချေရဖွယ် ရှိတယ်လို့ ဝပ်စန် (Watson) က ပြောပါတယ်။