၁၁ ရက်နေ့မြောက် အိုလံပစ်ပွဲ

Olympic

၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ် အားကစားပွဲတော်ရဲ့ ဒီကနေ့ မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာတော့ ကမ္ဘာ့ အမြန်ဆုံး အပြေးသမားအဖြစ် ကင်ပွန်းတပ် ခံနေရတဲ့ ဂျမေကာ နိုင်ငံသား အပြေးသမား Usain Bolt ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

တနင်္ဂနွေနေ့ မီတာ ၁၀၀ တာတို ပြေးပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးခဲ့တဲ့ Bolt ဟာ ဒီကနေ့ပွဲမှာ သူနဲ့ တသင်းတည်းသား လေ့ကျင့်ဖော် လေ့ကျင့်ဖက်နဲ့ အဓိကပြိုင်ဖက် လည်းဖြစ်တဲ့ Yohan Blake ကို အနိုင်ပိုင်းနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားကြတာပါ။ တနင်္ဂနွေနေ့ မီတာ ၁၀၀ ပြေးပွဲမှာလည်း Blake ဟာ ဒုတိယဆုအဖြစ် ငွေတံဆိပ်သာ ချိတ်ခဲ့တာ ဖြစ်ပါတယ်။ မီတာ ၂၀၀ နောက်ဆုံး ဖိုင်နယ် ပွဲကိုတော့ ကြာသပတေးနေ့မှာ ကျင်းပသွားမှာပါ။

မီတာ ၁၁၀ တန်းကျော်ပြေးပွဲမှာတော့ ၂၀၀၈ ခုနှစ် ဘေဂျင်းအိုလံပစ်မှာ ဒဏ်ရာကြောင့် ထွက်လိုက် ရတဲ့ တရုတ်နိုင်ငံသား Liu Xiang ဟာ ဒီကနေ့ပွဲမှာလည်း ပထမတန်းကို ခုန်ကျော်ရာမှာ မလွတ်ဘဲ လဲသွားခဲ့ရာက ရှုံးနိမ့်ခဲ့ရပါတယ်။ အမျိုးသမီး မီတာ ၁၀၀၊ တန်းကျော် ပြေးပွဲမှာတော့ သြစတြေးလျ နိုင်ငံသူ Sally Pearson က အမေရိကန် နိုင်ငံက လက်ရှိချန်ပီယံ Dawn Harper နဲ့ ထိပ်တန်း အပြေးသမား Lolo Jones တို့ကို အနိုင်ယူပြီး ရွှေတံဆိပ်ဆု ရရှိခဲ့တာပါ။

အင်္ဂါနေ့ အစောပိုင်းအထိ စုစုပေါင်း ဆုရရှိမှုတွေမှာတော့ တရုတ်နိုင်ငံက ရွှေတံဆိပ် ၃၁ ခု အပါ အဝင် ၆၄ ခုနဲ့ ပထမ၊ အမေရိကန်ကတော့ ရွှေတံဆိပ် ၂၉ ခု အပါအဝင် စုစုပေါင်း ၆၃ ခုစီ ရရှိထား ကြတာပါ။