တအိမ်ထောင် ကလေးတယောက် မူဝါဒ တရုတ် ဖျက်သိမ်း

တအိမ်ထောင်ကလေးတယောက် မူဝါဒကို တရုတ်မှာ တရားဝင်အဆုံးသတ်လိုက်ပြီ။

တရုတ်နိုင်ငံမှာ တအိမ်ထောင်ကလေးတယောက် မူဝါဒကို တရားဝင်အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ နိုင်ငံတွင်း အသက်အရွယ်ကြီးသူဦးရေတိုးလာတာနဲ့ အလုပ်သမားလျော့ပါးလာတာကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားတဲ့အနေနဲ့ အိမ်ထောင်ပြုထားတဲ့ဇနီးမောင်နှံတွေကို ဒုတိယမြောက်ကလေးယူခွင့် ဥပဒေကို ဒီဇင်ဘာလ (၂၇)ရက်နေ့က လွှတ်တော်မှာ လက်မှတ်ရေးထိုးပြဌာန်းလိုက်ပါတယ်။

အောက်တိုဘာလက အာဏာရ ကွန်မြူနစ်ပါတီကနေ ကြေညာခဲ့တဲ့ ဒီအပြောင်းအလဲဥပဒေဟာ ဇန်နဝါရီလ (၁)ရက်နေ့က စပြီးသက်ရောက်မှာဖြစ်တယ်လို့ ဆင်ဟွာသတင်းမှာဖေါ်ပြထားပါတယ်။

လက်ထပ်ထားတဲ့ ဇနီးမောင်နှံအားလုံးကို ဒုတိယမြောက်ကလေးယူဖို့ ခွင့်ပြုမှာဖြစ်ပေမဲ့ နောက်ထပ်ကလေးတွေထပ်ပြီးယူဖို့တော့ ဥပဒေအရ ကန့်သတ်မှုတွေဆက်ပြီးရှိနေအုံးမှာဖြစ်ပါတယ်။

၁၉၇၀ ခုနှစ်တွေနောက်ပိုင်းမှာ ပြဌာန်းခဲ့တဲ့ တအိမ်ထောင်ကလေးတယောက်မူဝါဒဟာ ဇနီးမောင်နှံအများစုကို သားသမီးတယောက်သာယူဖို့ တင်းကျပ်ခဲ့တာဖြစ်ပါတယ်။ ဒီလို ကလေးမွေးဖွားနှုန်းကို ထိန်းချုပ်ထားတာဟာ တိုင်းပြည်စီးပွားရေးဖွံဖြိုးလာဖို့ အဓိကအရေးပါတဲ့အထောက်အကူဖြစ်ခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက နှစ်ပေါင်းများစွာ ပြောဆိုလာခဲ့သလို ကလေးငယ် သန်းပေါင်း (၄၀၀)လောက်ကိုမမွေးဖားအောင်လည်း ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဥပဒေကိုလိုက်နာအောင် အမျိုးသားရေးကော်မရှင်က ကြီးကြပ်ခဲ့တာဖြစ်ပြီး ဥပဒေ ချိုးဖောက်သူတွေ ဒဏ်ငွေပေးဆောင်တဲ့စနစ်အပါအဝင် အတင်းအဓမ္မ သန္ဓေဖျက်ချခိုင်းတာလည်း ပါဝင်ပါတယ်။

ဒါကြောင့် ရလာတဲ့ သန္ဓေသားဟာ မိန်းကလေးဖြစ်နေရင် ကိုယ်ဝန်ဖျက်ချတာ၊ မွေးကင်းစကလေးကို သတ်ပစ်တာတွေဖြစ်ခဲ့တာပါ။ ဒါဟာ တရုတ်နိုင်ငံမှာ ယောက်ျားလေးကို ပိုပြီးဦးစားပေးတဲ့ ရှေးရိုးစွဲလူမှုဓလေ့ကြောင့်လည်းဖြစ်ပါတယ်။