ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သေဆုံး

အမေရိကန် မောင်းသူမဲ့ အဝေးထိန်းဒုံးယာဉ်

အမေရိကန်မောင်းသူမဲ့အဝေးထိန်းဒုံးယာဉ်နဲ့ တိုက်ခိုက်တာလို့ သံသယရှိတဲ့ တိုက်ပွဲမှာ ပါကစ္စတန် တာလီဘန်ခေါင်းဆောင် Hakimullah Medsud အပါအဝင် ၃ ဦး မနေ့က သေဆုံးသွားပါတယ်။ ပါကစ္စတန်နိုင်ငံ မြောက် Waziristan ပြည်နယ် Miram Shah ရွာအတွင်း သောကြာနေ့တိုက်ခိုက်မှုမှာ အမေရိကန်ထောက်လှမ်းရေး FBI က ဆုကြေး အမေရိကန်ဒေါ်လာ ၁ သန်းထုတ်ထားတဲ့ တာလီဘန်ခေါင်းဆောင် သေဆုံးသွားတာ သေချာတယ်လို့ အမည်မဖော်လိုတဲ့ ပါက္စတန်လုံခြုံရေးအရာရှိတွေက အတည်ပြုပေးပါတယ်။

နေတိုးတပ်တွေကို ပစ်မှတ်ထားတိုက်ခဲ့တဲ့ Haqquani ကွန်ယက်အုပ်စု အခြေစိုက်ရာ ဒီ Miran Shah ရွာထဲက အဆောက်အဦးတခုကို အဝေးထိန်းလေယာဉ်နဲ့ ပစ်မှတ်ထားတိုက်ခိုက်ရာမှာ၊ တာလီဘန်ခေါင်းဆောင် Hakimullah ပါသွားတာဖြစ်တယ်လို့ လုံခြုံရေးအရာရှိတွေက ဆိုပါတယ်။
လူထောင်ပေါင်းများစွာကို သတ်ခဲ့ပြီး၊ ကြောက်စရာကောင်းအောင် ဒေါသကြီး ရက်စက်တယ်လို့ နာမည်ကြီးခဲ့တဲ့ ဒီတာလီဘန်ခေါင်းဆောင် ကို ထောက်ခံသူတွေ အနေနဲ့ကတော့ သူ့ရဲ့ အသုဘကို ပို့ဖို့ ဒီနေ့စုဝေးရောက်ရှိလာဖို့ရှိတယ်လို့ နောက်ပိုင်းသတင်းတွေမှာ ဆိုပါတယ်။

တာလီဘန်ခေါင်းဆောင် Hakimullah အနေနဲ့ အရင် တာလီဘန်ခေါင်းဆောင် Baitullah Medsud ၂၀၀၉ ခုနှစ် အမေရိကန် မောင်းသူမဲ့လေယာဉ်လို့ သံသယရှိခဲ့တဲ့ တိုက်ခိုက်မှုထဲမှာ သေဆုံးသွား အပြီးမှာ ခေါင်းဆောင်ဖြစ်လာခဲ့ တာပါ။ အဲ့ဒီအချိန်က သူဟာ အသက် ၃၀နီးပါးပဲရှိသေးတယ်လို့ ယူဆထားကြပါတယ်။

Hakimullah ဟာ အရင်သေဆုံးခဲ့တဲ့ ခေါင်းဆောင်နဲ့ နီးစပ်မှု့ရှိခဲ့ပြီး၊ ပြောရေးဆိုခွင့်ရှိသူ အဖြစ် ၂၀၀၇ ခုနှစ်မှာ ခန့်အပ်ခံခဲ့ရပါတယ်။ အဲ့ဒီထဲက Hakimulla ကို အလားအလာရှိတဲ့ခေါင်းဆောင်အဖြစ် လူသိများလာခဲ့ပြီး၊ သူဟာ အာဖဂန်နစ္စတန်ကိုသွားတဲ့ NATO ထောက်ပံ့ရေးကားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို အဓိကစီစဉ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။