ပြန်ပေးဆွဲခံ အမေရိကန်မိသားစုကို ပါကစ္စတန်စစ်တပ် ကယ်တင်

၂၀၁၆ ဒီဇင်ဘာလတုန်းက Caitlan Coleman မိသားစု အဖမ်းခံရစဉ်

ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသူ Caitlan Coleman ခင်ပွန်းဖြစ်သူ ကနေဒါနိုင်ငံသား Joshua Boyle နဲ့ သားသမီး ၃ ယောက် တို့ကို အာဖဂနစ္စတန်နိုင်ငံနဲ့နယ်စပ် ပါကစ္စတန်နိုင်ငံ လူမျိုးစုဒေသကနေ ကယ်တင်နိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

သူတို့ ၂ ဦးဟာ ၂၀၁၂ ခုနှစ်ကတည်းက အာဖဂန်နိုင်ငံမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ အာဖဂန်တာလီဘန်တွေက ပြန်ပေးဆွဲဖမ်းဆီးခဲ့တာဖြစ်ကြောင်း ကြေညာခဲ့သလို၊ ဖမ်းဆီးခံတွေရဲ့ ဗွီဒီယို ၂ ခုကိုလည်း ထုတ်ပြန်ခဲ့တာပါ။ တာလီဘန် သူပုန်တွေကတော့ ဖမ်းဆီးခံထားရတဲ့ အဖွဲ့ဝင်တွေနဲ့ ဖမ်းဆီးခံထားရစဉ် သားသမီး ၃ ယောက် မွေးဖွားခဲ့တဲ့ အမေရိကန်နိုင်ငံသူ စုံတွဲကို လဲလှယ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ခိုင်မာတဲ့ ထောက်လှမ်းရေးသတင်းတွေ အမေရိကန်ထံက ရရှိခဲ့ပြီးနောက်မှာပဲ အာဖဂန်နဲ့နယ်စပ် ပါကစ္စတန်နိုင်ငံက Kurram ဒေသမှာ ကယ်တင်ရေး စစ်ဆင်ရေးတခု ပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

စစ်ဆင်ရေးအောင်မြင်မှု ရခဲ့တာဟာ အချိန်နဲ့တပြေးညီ ထောက်လှမ်းရေးသတင်းတွေ ဖလှယ်ခဲ့တဲ့ ရလဒ်ဖြစ်ကြောင်းနဲ့ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တိုက်ဖျက်ရေး ပါကစ္စတန်က ဆက်လက်သန္နိဓာန်ချထားပြီး၊ ဘုံရန်သူကို ၂ နိုင်ငံတပ်ဖွဲ့တွေ လက်တွဲ ချေမှုန်းမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ၂၀၁၆ ဒီဇင်ဘာမှာ နောက်ဆုံး ထွက်ပေါ်လာတဲ့ ဗွီဒီယိုထဲမှာတော့ အသက် ၃၁ နှစ်အရွယ်၊ Coleman နဲ့ အသက် ၃၃ နှစ်အရွယ် ခင်ပွန်းဖြစ်သူ Boyle တို့ ၂ ဦးက လွတ်မြောက်ရေးအတွက် တာလီဘန် အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရတဲ့ Donald Trump ကို ပန်ကြားထားပါတယ်။

Your browser doesn’t support HTML5

ပြန်ပေးဆွဲခံ အမေရိကန်မိသားစုကို ပါကစ္စတန်စစ်တပ် ကယ်တင်