မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားတဲ့ ပါကစ္စတန်ရွေးကောက်ပွဲမှာ အကြမ်းဖက် ဝါဒစွဲအုပ်စုတွေနဲ့ အချိတ်အဆက်ရှိတဲ့ နိုင်ငံရေး ပါတီတချို့အပါအဝင် ဘာသာရေး အစွန်းရောက်ဝါဒီ နိုင်ငံရေးပါတီ အတော်များများ အခြေအနေ ကောင်းကြတဲ့အပေါ် စိုးရိမ်ချက် တွေရှိနေပါတယ်။
ဘာသာရေးကို စော်ကားထိခိုက်တာကို အပြင်းအထန်နှိမ်နင်းတဲ့ ပါကစ္စတန် ဥပဒေတွေကို ထောက်ခံသူ တရားဟောဆရာတဦး ပြီးခဲ့တဲ့နှစ် သြဂုတ်လကမှ ထူထောင်တဲ့ Tehreek-e-Labbaik Pakistan (TLP) ပါတီဟာ နိုင်ငံရေး အင်အားစု တခုအဖြစ် အလျင်အမြန်ဖြစ်လာတဲ့ ပါတီတွေထဲ တခုအပါအဝင်ပါ။ ဒီပါတီဟာ ရွေးကောက်ပွဲမှာ နိုင်ငံတဝန်း ကိုယ်စားလှယ် ၁၈၀ ကျော် ဝင်ပြိုင်ပြီး မဲအရေအတွက် နှစ်သန်းရသလို Sindh ပြည်နယ်လွှတ်တော်မှာ နေရာနှစ်နေရာ အနိုင်ရပါတယ်။
TLP ပါတီဟာ နိုင်ငံရေးခေါင်းဆောင်တဦးရဲ့ ကိုယ်ရံတော်ဟောင်းတဦးဖြစ်သူ Mumtaz Qadri ချန်ထားရစ်တဲ့အမွေအနှစ်ကို ဆက်လက်ဖော်ဆောင်တဲ့ ပါတီ တခုအဖြစ် ထူထောင်ထားတာပါ။ Mumtaz Qadri ဟာ ပန်ဂျပ်ပြည်နယ် အုပ်ချုပ် ရေးမှူး Salman Taseer ရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်နေချိန် အတွင်း သူကာကွယ်ရမယ့် အုပ်ချုပ်ရေးမှူးကို ၂၀၁၁ ခုနှစ်က လုပ်ကြံ သတ်ဖြတ် မှုနဲ့ ပြီးခဲ့တဲ့နှစ်က သေဒဏ်စီရင်ခံလိုက်ရသူဖြစ်ပါတယ်။
ပန်ဂျပ်ပြည်နယ်အုပ်ချုပ်ရေးမှူးက ဘာသာရေးအပေါ် ထိခိုက် စော်ကားမှုကို ကာကွယ်တဲ့ဥပဒေကို ပြင်ဆင်ဖြည့်စွက်ဖို့ နှိုးဆော်တဲ့အတွက် လုပ်ကြံ သတ်ဖြတ် လိုက်တာလို့ Qadri က ပြောပါ တယ်။ ဒီရွေးကောက်ပွဲမှာ နာမည်ကျော် ခရစ်ကက် အားကစားသမားတဦးဘဝကနေ နိုင်ငံရေးသမားဖြစ်လာသူ Imran Khan ရဲ့ ပါတီကအနိုင်ရပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ လုပ်နေပြီဖြစ်ပြီးတော့ Khan ဟာ ဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။
Your browser doesn’t support HTML5
ပါကစ္စတန်မှာ အစွန်းရောက်တွေ ဦးမော့လာဖွယ်ရှိ