ပါကစ္စတန် တောင်ပိုင်း ရေကြီးမှု အခြေအနေဆိုး

ပါကစ္စတန်နိုင်ငံတောင်ပိုင်းက ရှေးဟောင်းမြို့ဖြစ်တဲ့ တာတာမြို့ ပတ်လည်မှာ ရေဝိုင်းလာတာမို့ သိန်းနဲ့ချီတဲ့ ပါကစ္စတန် ဒေသခံတွေဟာ ကုန်းမြင့်ပိုင်းနေရာတွေကို ထွက်ပြေးခဲ့ရပါတယ်။ တာတာမြို့ခံ ၃ သိန်းလောက် မြို့ကို စွန့်ခွာထွက်ပြေးခဲ့ကြတာမို့ မြို့ဟာ တစပြင်လို ခြောက်သွေ့ကျန်ခဲ့ပါတယ်။

မကြာခင်ရက်တွေအတွင်းမှာ တမန် လုပ်ထားတဲ့နေရာတွေ အထပ်ထပ် ကျိုးပေါက်ခဲ့တာမို့ မြို့လယ်ခေါင်မှာ ရေလွှမ်းတဲ့ဘေး ကြုံနေရပါတယ်။ ရေမလွှမ်းအောင် ကာရံထားတဲ့ အကာအရံတွေကို ပါကစ္စတန် အာဏာပိုင်တွေက ပြန်ပြီး ပြုပြင်မွမ်းမံနေပါတယ်။ ဒေသတွင်းက မြို့ခံအများစုဟာ ရှေးဟောင်း သချိုံင်းဂူတွေရှိရာ မက်ဒလီ တောင်ကုန်းမှာ အမိုးအကာမရှိ ခိုလုံနေကြအပြီး သူတို့ရဲ့ ကျွဲနွားတွေနဲ့ တနိုင်ပစ္စည်းတွေသယ်ပြီး ကူညီမယ့်သူတွေကို စောင့်ဆိုင်းနေကြပါတယ်။

တောင်ပိုင်းဒေသမှာ ရေကြီးမှုဒဏ်ကို ခံလာရတာမို့ ဗုဒဟူးနေ့ကစပြီး ဒုက္ခသည်ပေါင်း ၁ သန်းလောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်း ပေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ပါကစ္စတန်မှာ တစ်လလောက်ကတည်းကစပြီး မြောက်ပိုင်း တောင်တန်းတွေ ရှိတဲ့နေရာမှာ ရေကြီးတဲ့ဒဏ်ကို ခံခဲ့ရတာမို့ တောင်ပိုင်းမှာ ရေမကြီးခင်ကတည်းက လူပေါင်း ၈ သန်းလောက်ဟာ ကူညီထောက်ပံ့မှုနဲ့ အသက်ရှင်ရပ်တည်နေကြရတာ ဖြစ်ပါတယ်။