အိန္ဒိယနဲ့ပါကစ္စတန် နျူကလီးယားလက်နက် သီးခြားစီစမ်းသပ်

အိန္ဒိယနဲ့ပါကစ္စတန် နျူကလီးယားလက်နက် သီးခြားစီစမ်းသပ်

ဒီကနေ့သောကြာနေ့မှာ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ နျူကလီးယား ထိပ်ဖူးတပ်စွမ်းရည်ရှိတဲ့ ဒုံးကျည်စမ်းသပ်ပြုလုပ်မှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။ အိန္ဒိယရဲ့ နျူကလီးယားထိပ်ဖူးတပ်နိုင်တဲ့ ဒုံးကျည်ကို သြရစ်သပြည်နယ် ကမ်းလွန်ပင်လယ်ပြင် ရေတပ်သင်္ဘောတစီးပေါ်ကနေ မိုင် ၂၁၀ အကွာအထိ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ အိန္ဒိယစစ်ဖက်အရာရှိတွေကပြောပါတယ်။ ဒီဒုံးကျည်ကို ဒန်မွတ်ရှ် လို့ အမည်ပေးထားပြီးတော့ စမ်းသပ်ပြုလုပ်မှုဟာ အောင်မြင်တယ်လို့ အရာရှိတွေကပြောပါတယ်။

ပါကစ္စတန်နိုင်ငံကလည်း ဒီကနေ့မှာ Hataf-2 ပဲ့ထိန်းတပ်ဒုံးကျည်ကို ၁၀၈ မိုင်အကွာအထိ စမ်းသပ်ပြုလုပ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပေမဲ့ ဘယ်နေရာမှာစမ်းသပ်ခဲ့တယ် ဆိုတာကိုတော့ ဖော်ပြခြင်းမရှိပါဘူး။

ပါကစ္စတန်နိုင်ငံမှာပဲ ကဒါချိမြို့မှာ အမျိုးသား တာဝန်ခံဗျူရို အကြီးအကဲအဖြစ် တရားသူကြီးဟောင်း ဒီဒါရှား ကိုခန့်အပ်တာကိုမကျေနပ်တဲ့ ပါကစ္စတန်ပြည်သူ့ပါတီ PPP က ဒီကနေ့မှာ ဆန္ဒပြပွဲတွေ စီစဉ်ပြီး ကန့်ကွက်ဆန္ဒပြကြတာမှာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရလို့ လူ ၅ ဦးသေဆုံးသွားခဲ့ရပါတယ်။ လူအများအပြား ဒဏ်ရာတွေရရှိသွားခဲ့ပြီးတော့ ကားတွေများစွာဟာလည်း လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။