နယ်စပ်လုံခြုံရေးတွေကို အိန္ဒိယတိုက်ခိုက်ကြောင်း ပါကစ္စတန်စွပ်စွဲ

အသတ်ခံလိုက်ရတဲ့ ပါကစ္စတန် နယ်စပ်လုံခြုံရေး အရာရှိ ၂ ဦး ရုပ်အလောင်းတွေ သယ်ဆောင်လာစဉ်။ (ဇန်နဝါရီ-၂၀၁၅)

အသတ်ခံလိုက်ရတဲ့ ပါကစ္စတန် နယ်စပ်လုံခြုံရေး အရာရှိ ၂ ဦး ရုပ်အလောင်းတွေ သယ်ဆောင်လာစဉ်။ (ဇန်နဝါရီ-၂၀၁၅)

ပါကစ္စတန် နယ်စပ်လုံခြုံရေး အရာရှိ ၂ ဦးကို အိန္ဒိယက ခြုံခိုတိုက်ခိုက်ပြီး သတ်ဖြတ်ပစ်ခဲ့တယ်လို့ ပါကစ္စတန်က စွပ်စွဲ လိုက်ပါတယ်။ အသတ်ခံရသူ ၂ ဦးဟာ အိန္ဒိယ နယ်စပ်လုံခြုံရေး အရာရှိတွေရဲ့ ဖိတ်ကြားချက်နဲ့ ကက်ရှ်မီးယားမှာ ပုံမှန်ဆွေးနွေးပွဲတက်ဖို့ သွားရောက် သူတွေ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တိုက်ခိုက်မှုဟာ ပါကစ္စတန်အရှေ့ပိုင်း လာဟိုး (Lahore) မြို့နားမှာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက စတင်ဖြစ်ပွါးခဲ့တာဖြစ်ပြီးဒီတိုက်ခိုက်မှုနဲ့ ပါတ်သက်ပြီး ပါကစ္စတန်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ကြောင်း အကြီးတန်း အိန္ဒိယသံတမန်ကိုဆင့်ခေါ်ပြောကြားခဲ့တယ်လို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ သေဆုံးသွားသူ ၂ ဦးဟာ အလံဖြူကိုင်ပြီး သွားရောက်တုန်း ခြုံခိုတိုက်တာ ခံရတာမို့ ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်တာ ဖြစ်ပြီး ဒီပစ်ခတ်မှုကို စုံစမ်း စစ်ဆေးပေးဖို့နဲ့တာဝန်ရှိသူတွေကို အရေးယူပေးဖို့ပါ တောင်းဆိုလိုက် ပါတယ်။

အိန္ဒိယအစိုးရဘက်ကတော့ ဒီအခင်းဖြစ်ပွါးမှုကို ပါကစ္စတန်ဘက်ကလို မရှုမြင်ပါဘူး။ပါကစ္စတန်တပ်တွေရဲ့ပစ်ခတ်မှုဟာ ကက်ရှ်မီးယား မှာရှိတဲ့ သူပုန်တွေကို အိန္ဒိယနယ်ခြားစောင့်စခန်း တဒါဇင်ကျော်လောက်ကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ မီးစိမ်းပြသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ပါကစ္စတန်ကတော့ ဒီစွပ်စွဲမှုကို ငြင်းဆိုပါတယ်။ပစ်ခတ်မှုဟာ ကြာသပတေးနေ့ မနက်ခင်း အထိ ဆက်လက်ဖြစ်ပွါးခဲ့ပြီး နောက်ထပ် စစ်သားတဦးလည်း ဒဏ်ရာရခဲ့တာပါ။

ကက်ရှ်မီးယား ဒေသကို အိန္ဒိယကရော ပါကစ္စတန်ကပါ ပိုင်ဆိုင်ကြောင်း ကြေညာနေတာဖြစ်ပြီး ၁၉၄၇ ခုနှစ် ဗြိတိသျှလက်အောက်က လွတ်လပ်ရေးရခဲ့ချိန်ကစပြီး အဲဒီဒေသကို ပိုင်ဆိုင်နိုင်ဖို့ စစ်ပွဲ ဆင်နွှဲနေတာ ၂ ကြိမ်ရှိပြီဖြစ်ပါတယ်။