ပါကစ္စတန် ဝန်ကြီးချုပ်ကို ထောင်ဒဏ်တစ်ရက် ချမှတ်

ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ပြစ်မှုထင်ရှားတယ်လို့၊ ပါကစ္စတန်တရားရုံးချုပ်က ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ်ရာဇာဂီလာနီ (Yousuf Raza Gilani) အပေါ် အမိန့်ချမှတ်လိုက်တာကြောင့်၊ ဝန်ကြီးချုပ်နဲ့ တရာရုံး ချုပ်တို့ကြားက အားပြိုင်လွန်ဆွဲပွဲ ပြီးဆုံးသွားခဲ့ပါတယ်။

သမ္မတ အာဆစ်ဖ် အလီ ဇါဒါရီ (Asif Ali Zadari) အပေါ် အရင်ကစွဲဆိုခဲ့ဖူးတဲ့ လာဘ်စားမှုကို အမှုပြန်ဖွင့်ဖို့ တရားရုံးက ညွှန်ကြားခဲ့တာကို၊ ဝန်ကြီးချုပ် ဂီလာနီက မလိုက်နာပဲနေခဲ့တာကြောင့်၊ ပါကစ္စတန်ရဲ့ အမြင့် ဆုံး တရားရုံးချုပ်က မစ္စတာဂီလာနီအပေါ် ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ပြစ်မှုထင်ရှားတယ်လို့၊ ဧပြီ(၂၆) ရက်နေ့က စီရင်ချက်ချလိုက်ပါတယ်။ ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ မစ္စတာ ဂီလာနီဟာ ထောင်ဒဏ် (၆)လ အထိ အပြစ်ပေးခံရနိုင်ဖို့ ရှိပေမယ့်၊ တရားရုံးချုပ်က မစ္စတာဂီလာနီကို ရုံးမင်းတစ်ထိုင် ပြစ်ဒဏ်ပဲ ချမှတ်ခဲ့ပါ တယ်။

ဒါပေမဲ့ ပြစ်မှုထင်ရှားတယ်လို့ စီရင်ခဲ့တာကြောင့် မစ္စတာဂီလာနီကို နိုင်ငံကိုအုပ်ချုပ်ဖို့ အရည်အချင်းမပြည့် မှီတော့သူအဖြစ်၊ လွှတ် တော်က သတ်မှတ်ပြီး၊ ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံရမယ့်အလားအလာရှိနေပါ တယ်။

တရားရုံးချုပ်ရဲ့စီရင်ချက်က တရားရေးမဏ္ဍိုင်က အုပ်ချုပ်ရေးအစိုးရပိုင်းကို ပြင်းပြင်းထန်ထန်သတိပေး လိုက်ခြင်း ဖြစ်တယ်လို့၊ ပါကစ္စတန်ဥပဒေရေးရာကျွမ်းကျင်သူ ဘာဘာ ဆတ္တား (Babar Sattar)က ဆိုပါ တယ်။ ကျင့်ဝတ်နဲ့ သမာဓိခိုင်ကျည်မှု ရှိမရှိဆိုတဲ့ ရှုထောင့်ကကြည့်ရင်တော့၊ ဝန်ကြီးချုပ် ဂီလာနီဟာ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ သမာဓိ မရှိသူ စြဖ်နေတယ်လို့၊ မစ္စတာဆတ္တားက ပြောပါတယ်။ ဒါပေမဲ့ တရားရုံးရဲ့ စီရင်ချက်ဟာ ဂရုတစိုက်နဲ့ မျှတတဲ့ဆုံးဖြတ်ချက်ချမှတ်ရေးကို ဖေါက်ဖျက်ကြောင်း ပြသနေတယ်လို့လည်း၊ သူက ဆိုပါတယ်။

မစ္စတာဂီလာနီကို ချမှတ်တဲ့ပြစ်ဒဏ်ဟာ အစိုးရအဖွဲ့အတွင်းမှာ အရေးအခင်းတစ်ရပ် ဖြစ်ပွားစေနိုင် တဲ့ နောက်ဆက်တွဲမျိုး မပေါ်ပေါက်စေရေးဆိုတဲ့ အချက်ကို၊ မလေးစား မလိုက်နာရာ ကျနေတယ်လို့၊ မစ္စတာဆတ္တားက ပြောဆိုသွားပါတယ်။

ဝန်ကြီးချုပ် ဂီလာနီရဲ့ ရှေ့နေ အိုင်ဇတ်အာဆန် (Aitzaz Ahsan) က သူ့ရဲ့အမှုသည်ဟာ တရားရုံးချုပ်မှာ အယူခံဝင်မယ်လို့ ပြောဆိုလိုက်ပြီး၊ ဝန်ကြီးချုပ်ဟောင်း နဝပ်ရှရစ်ဖ် (Nawaz Sharif) အပါအဝင်၊ အတိုက် အခံ ခေါင်း ဆောင်တွေက မစ္စတာဂီလာနီကို ရာထူးကနှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။