Nawaz Sharif ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆို

အသစ်တက်လာတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif

အသစ်တက်လာတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif

ပါကစ္စတန်နိုင်ငံမှာ ပထမဆုံးအကြိမ် သက်တမ်း ၃ ကြိမ်မြောက် တာဝန်ထမ်းဆောင်မယ့် ဝန်ကြီးချုပ်အဖြစ် Nawaz Sharif ဗုဒ္ဓဟူးနေ့က ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။ အစ္စလာမ်မာဘတ်မြို့တော် သမ္မတနန်းတော်က ကျမ်းကျိန်ပွဲ အခမ်းအနားကိုတော့ သမ္မတ Asif Ali Zardari က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး အစိုးရတာဝန်ရှိသူတွေ၊ စစ်တပ်အရာရှိတွေနဲ့ သံတမန်တွေလည်း တက်ရောက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့လထဲမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ သူ့ရဲ့ ပါကစ္စတန် မူဆလင် အဖွဲ့ချုပ် အနိုင်ရခဲ့ပြီးနောက် အများက မျှော်လင့်နေတဲ့အတိုင်း ပါကစ္စတန် လွှတ်တော်ကလည်း ဗုဒ္ဓဟူးနေ့ကပဲ ဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်မှာ မိန့်ခွန်းပြောရာမှာတော့ သူ့အစိုးရရဲ့ ဦးစားပေး ဆောင်ရွက်မယ့် အစီအစဉ်တွေထဲမှာတော့ စီးပွားရေးကို ပြုပြင်ပြောင်းလဲဖို့နဲ့ အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်ဖို့ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အာဖဂန်နဲ့ နယ်စပ်ဖြစ်တဲ့ လူမျိုးစုဒေသတွေက စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး အမေရိကန်က အဝေးထိန်း ဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

ပါကစ္စတန် အစိုးရတွေကတော့ ဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးရသလို၊ အချုပ်အခြာအာဏာကို ထိပါးရာ ရောက်တယ်ဆိုပြီး အမေရိကန်ကို ကန့်ကွက်နေကြတာပါ။

တကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာသူ Mr Sharif ဟာ ၁၉၉၀ ကနေ ၁၉၉၃ အထိ တာဝန်ယူနေစဉ် အကျင့်ပျက် ခြစားမှု စွပ်စွဲချက်နဲ့ တာဝန်က နှုတ်ထွက်ခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ နောက်တကြိမ် ဝန်ကြီးချုပ် တာဝန်ယူခဲ့ပြီး ၂ နှစ်အကြာမှာလည်း စစ်တပ်က အာဏာသိမ်း ဖယ်ရှားခံခဲ့ရသူ ဖြစ်ပါတယ်။