အဂတိလိုက်စားမှုနဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ကို ဖမ်းမိန့်ထုတ်

ပါကစ္စတန် ဝန်ကြီးချုပ် Raja Pervez Ashraf

ပါကစ္စတန်နိုင်ငံ၊ အစ္စလမ်မာဘတ် မြို့မှာ ဒီကနေ့မနက်က အစိုးရဖြုတ်ချရေး တောင်းဆို ဆန္ဒပြကြ တဲ့အချိန်မှာပဲ နိုင်ငံတော်တရားရုံးက အဂတိလိုက်စားမှု တခုနဲ့ ဝန်ကြီးချုပ် Raja Pervez Ashraf ကို ဖမ်းဆီးမိန့် ထုတ်လိုက်ပါတယ်။

ရေနဲ့စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူစဉ်ကာလက အဂတိလိုက်စားမှုတွေ ကျူးလွန်မှုတွေ ရှိတယ် ဆိုတဲ့စွဲချက်နဲ့ အခု ဝန်ကြီးချုပ် Ashraf ကို ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။ Asraf အပြင် နောက် ၁၅ ဦး ကိုလည်း ဖမ်းဆီးခဲ့ရာမှာ ပုဂ္ဂလိက ဓာတ်အားထုတ် စက်ရုံတွေနဲ့ဆက်နွယ်မှုရှိခဲ့တယ်လို့ အစိုးရ အရာရှိတွေကို ကိုးကားပြီး ပါကစ္စတန်ရုပ်သံလွှင့် သတင်းမီဒီယာမှာ ပါရှိပါတယ်။

Asraf ဟာ ဓာတ်အားထုတ်စက်ရုံတွေ တည်ဆောက်ရာမှာ လာဘ်စားမှုတွေရှိတယ်လို့ စွပ်စွဲခံရ ပါတယ်။ Asraf ကတော့ ဒီစွပ်စွဲချက်အပေါ် ငြင်းဆိုပါတယ်။ အခုလို ဝန်ကြီးချုပ်ကို ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်တဲ့အတွက် အစိုးရနဲ့တရားရုံးအကြား တင်းမာမှုတွေ ပိုအရှိန်မြင့်တက်လာလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင် ထာဟာ အူလ် ခါဒရီ (Tahir-ul Qadri) က အစိုးရဆန့်ကျင်ရေး၊ အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဆန္ဒပြတာတွေကို ပါလီမန် လွှတ်တော်တဝိုက်မှာ ဆက်လုပ်ကြဖို့ သူ့အပေါ် ထောက်ခံသူတွေကို တိုက်တွန်းပါတယ်။

ဆန္ဒပြသူတွေဟာ ခါဒရီ ပုံပါတဲ့အလံတွေကို ကိုင်ဆောင်ပြီး ချီတက်နေချိန်မှာ စစ်သုံး ရဟတ် ယာဉ်တွေက ပျံသန်းစောင့်ကြည့်နေပါတယ်။ မနက်စောစောပိုင်းကတော့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံး သုံးပြီးလူစုခွဲတာ၊ ခြောက်လှန့်ပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။