ပါလက်စတိုင်း ၂ ဖွဲ့ ပြန်လည်ပေါင်းစည်းမည်

ပါလက်စတိုင်း ၂ ဖွဲ့ ပြန်လည်ပေါင်းစည်းမည်

ပါလက်စတိုင်းက စင်ပြိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ ဖာတာ (Fatah) နဲ့ ဟားမာ့စ် (Hamas) အဖွဲ့တို့ ပြန်လည်ပေါင်းစည်းဖို့ ကနဦး သဘောတူညီမှုတွေ ရပြီဖြစ်ပါတယ်။

ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းဖို့နဲ့ တနှစ်အတွင်း သမ္မတနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ပါ ပါဝင်တဲ့ ကနဦး သဘောတူညီချက်ကို ရခဲ့ပြီလို့ အဖွဲ့ ၂ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

ဒီသဘောတူညီမှုကို အီဂျစ်က ကြားဝင်ညှိနှိုင်းပေးတဲ့ သီးသန့် ဆွေးနွေးပွဲအတွင်း ရရှိခဲ့တာပါ။ ဖာတာနဲ့ ဟားမာ့စ် ခေါင်းဆောင်တွေက ဗုဒ္ဓဟူးနေ့ ညနေမှာ ပြုလုပ်တဲ့ ကိုင်ရိုက ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ဒီသဘောတူညီချက်ကို လူသိရှင်ကြား ကြိုဆိုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခုလို ပါလက်စတိုင်းတွေရဲ့ အမျိုးသား စည်းလုံးမှုဟာ အစ္စရေးတွေရဲ့ နယ်ချဲ့ကျူးကျော်မှုကို ရင်ဆိုင်ဖို့ အကောင်းဆုံး လက်နက်တခုဖြစ်ကြောင်း ဖာတာ ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရ အဇမ် အယ်လ်-အာမက် (Azzam al-Ahmad) က ပြောပါတယ်။

ဒီလို သဘောတူညီမှု ရခဲ့တဲ့ သတင်းကြောင့် ကိုယ်ပိုင်နယ်မြေ တည်ထောင်ဖို့ နှစ်ပေါင်းများစွာ တောင့်တနေတဲ့ ပါလက်စတိုင်း ဒေသခံတွေက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါတယ်။

ဟားမာ့စ် စစ်သွေးကြွ အုပ်စုက ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်နေသလို အနောက်ဘက်ကမ်း ဒေသကိုတော့ လက်ရှိအာဏာရ ဖာတာပါတီက ထိန်းချုပ်ထားတာပါ။ ဒီဒေသ ၂ ခုကြားမှာ အစ္စရေးက ရှိနေပြီး တဘက်နဲ့တဘက် ကူးသန်းသွားလာဖို့ ပိတ်ပင်ထားပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ယာဟူး (Benjamin Netanyahu) ကတော့ ပြဿနာမျိုးစုံနဲ့ လပေါင်းများစွာ ကြန့်ကြာနေခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေအတွက် ဒီ ပါလက်စတိုင်း သဘောတူညီမှုက ခြိမ်းခြောက်တာမျိုး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။