ပါလက်စတိုင်း ဆယ်ကျော်သက် လက်စားခြေ သတ်ဖြတ်ခံရသလား

မီးရှို့သတ်ဖြတ်ခံခဲ့ရသူ Mohammed Abu Khudair ရဲ့ ဓာတ်ပုံကို ပြနေတဲ့ မိခင်။ (ဂျူလိုင် ၂၊ ၂၀၁၄)

လက်စားခြေသတ်ဖြတ်ခံရတယ်လို့ ယူဆရတဲ့ အာရပ် ဆယ်ကျော်သက်ဟာ ရင်ခွဲစစ်ဆေးမှုတွေအရ မီးရှို့သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ပါလက်စတိုင်းရှေ့နေချုပ်က ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက ကားတစီးပေါ် အတင်းခေါ်ဆောင်ခံသွားရတဲ့ Abu Khudair ရဲ့ အလောင်းကို တနာရီလောက်အကြာ ဂျေရုဆလင်မြို့က တောအုပ်ထဲမှာ တွေ့ရှိခဲ့တာပါ။ Khudair ရဲ့အသက်ရှူလမ်းကြောင်းထဲမှာ မီးခိုးငွေ့တွေကို တေ့ွရှိတဲ့အတွက် သူဟာ မီးရှို့ခံနေရချိန်မှာ အသက်ရှူနေဆဲဖြစ်တယ်လို့ ပါလက်စတိုင်း မှုခင်းစစ်ရဲ့ တရားဝင် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီဆယ်ကျော်သက်အမျိုးသားရဲ့ ခန္ဓာကိုယ်ဟာ မမှတ်မိနိုင်လောက်အောင် မီးလောင်ကျွမ်းနေခဲ့ပြီး DNA စမ်းသပ်မှုကြောင့်သာ သူ့သားဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်လို့ သူ့ရဲ့ ဖခင်က ပြောပါတယ်။ ပါလက်စတိုင်းရှေ့နေချုပ်ကလည်း Khudair ရဲ့ ခန္ဓာကိုယ်နေရာ ၉၀% ကျော် မီးလောင်ဒဏ်ရာတွေ တွေ့ရတယ်လို့ စနေနေ့က ပြောကြားပါတယ်။

အစ္စရေးရဲတပ်ဖွဲ့ဖက်ကတော့ ဒီကောင်လေးကို သတ်ခဲ့သူဟာ ဘယ်သူလဲ၊ ဘာကြောင့် သတ်ဖြတ်ခဲ့သလဲဆိုတာကို မပြောသေးပါဘူး။ အစ္စရေးဆယ်ကျော်သက် ၃ ယောက် ဖမ်းဆီး သတ်ဖြတ် မြှုပ်နှံခံခဲ့ရမှုအပေါ် လက်တုံ့ပြန်တဲ့ သတ်ဖြတ်မှုလားဆိုတာကို စုံစမ်း စစ်ဆေးနေတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီအတောအတွင်း Abu Khudair ရဲ့ဦးလေးဖြစ်သူကလည်း သူ့သားကို အစ္စရေးရဲတပ်ဖွဲ့က မဖမ်းဆီးခင် ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ပြောပါတယ်။