တောင်ကိုးရီးယားသမ္မတဟောင်း Park Geun–hye ကို အာဏာအလွှဲသုံးစားမှု၊ အကျင့်ပျက်ခြစားမှု စွဲချက်နဲ့ အပြစ်ရှိကြောင်း တွေ့ရှိတဲ့အတွက် တောင်ကိုးရီးယားတရားရုံးက ထောင်ဒဏ် ၂၄ နှစ်ချလိုက်ပါတယ်။
မစ္စ Park ကို လာဘ်ယူမှု၊ ခြိမ်းချောက် ငွေညှစ်မှု၊ အာဏာအလွှဲသုံးစားပြုမှုအပြင် အခြားစွဲချက်တွေနဲ့ တောင်ကိုးရီးယား ဗဟိုတရားရုံးက အမိန့်ချလိုက်တာကို ရုပ်မြင်သံကြားကနေတနိုင်ငံလုံးကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ သမ္မတဟောင်း Park ဟာ ပြည်သူတွေက ရွေးချယ်ပေးအပ်တဲ့ အာဏာကို အလွှဲသုံးစားလုပ်ပြီး နိုင်ငံံ့ရေးရာတွေကို ပရမ်းပတာဖြစ်စေခဲ့တဲ့အတွက် သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အပြင်းထန်ဆုံးအလွဲမသွေ တာဝန်ခံစေမယ်လို့ တရားရုံး တရားသူကြီးချုပ်ကပြောပါတယ်။
အခု ချမှတ်လိုက်တဲ့ ထောင်ဒဏ်နဲ့အတူ ဒဏ်ငွေအဖြစ် ဒေါ်လာ ၁၆ သန်းကိုလည်း မစ္စ Park ပေးဆောင်ရမှာဖြစ်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်အပေါ် အယူခံဝင်ဖို့ သမ္မတဟောင်း Park အချိန်တပတ်ရပါတယ်။ သမ္မတဟောင်း Park ကတော့သူ့မှာ အပြစ်မရှိကြောင်းနဲ့ နိုင်ငံရေးအရ လက်တုံ့ပြန်ခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ ဆက်လက်ပြောဆိုနေပါတယ်။
သမ္မတဟောင်း Park ကို ထောင်ဒဏ် အနှစ် ၃၀ ထိချမှတ်ဖို့ အစိုးရရှေ့နေတွေက တောင်းဆိုထားတာဖြစ်ပါတယ်။ သမ္မတဟောင်း Park ဟာ သူ့ရဲ့ အမျိုးသမီးမိတ်ဆွေ Choi Soon-sil နဲ့ပူးပေါင်းပြီး မစ္စ Choi တည်ထောင်ထားတဲ့အဖွဲ့အစည်း ၂ ခုကို စီးပွါးရေးလုပ်ငန်းပေါင်း တဒါဇင်ကျော်ဆီက အလှုငွေ ဒေါ်လာ ၇၂ သန်းကျော် လှုဒါန်းလာအောင် ပူးပေါင်းကြံစည်ခဲ့တယ်လို့စွပ်စွဲခံထားရတာပါ။ သူတို့ ၂ ဦးစလုံးကို အဲဒီကုမ္ပဏီအချို့ ဆီကလာဘ်ယူမှုနဲ့လည်း ပြစ်ဒဏ်ချမှတ်ထားပါတယ်။
Your browser doesn’t support HTML5