ဒါဖောကနေ ဒုက္ခသည်သောင်းချီ တိမ်းရှောင်

ဆူဒန်နိုင်ငံ ဒါဖောဒေသကနေ လူ ၅ သောင်းလောက် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

ဒါဟာ နှစ်ပေါင်းများစွာအတွင်း အများဆုံးထွက်ပြေးကြတာဖြစ်ပြီး ဒေသတွင်းမှာ လူမျိုးစုတွေ ပဋိပက္ခတွေ ပြန်ဖြစ်လာတာရဲ့ ရလဒ်ဖြစ်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

တချို့ရွာတွေဟာ လုံးဝဖျက်ဆီးခံလိုက်ရတယ်လို့ ရွာသားတွေက ကုလသမဂ္ဂ အကူအညီပေးရေးလုပ်သားတွေကို ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ လ အတွင်း ဒါဖောဒေသ ကနေ အိမ်နီးချင်းချတ်နိုင်ငံထဲကို ထွက်ပြေးတဲ့ ဒုက္ခသည် အရေ အတွက်ဟာ စုစုပေါင်း ၇ သောင်း ၄ ထောင်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ပြောပါတယ်။

အခုလတ်တလောဖြစ်ခဲ့တဲ့ တဘက်နဲ့တဘက်တိုက်ခိုက်မှုတွေအတွင်း ဘယ်လောက် သေဆုံးတယ်ဆိုတာကိုတော့ ကုလသမဂ္ဂက အေဂျင်စီက မပြောပါဘူး။ ဒါဖောဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဖြစ်ခဲ့တဲ့ လူမျိုးစု အကြမ်းဖက်မှုတွေကြား လူ ၅၀၀ လောက်သေဆုံးခဲ့တယ်လို့ ဆူဒန် လွှတ်တော်အမတ်တွေက ပြောပါတယ်။

ဒါဖောဒေသမှာ ၂၀၀၃ ခုနှစ်ကစပြီး ပဋိပက္ခတွေဖြစ်ခဲ့ပြီးတော့ အာရပ်လူမျိုး မဟုတ်တဲ့ သူပုန်တွေက အာရပ်လူမျိုးတွေ အုပ်ချုပ်တဲ့အစိုးရကို လက်နက်ကိုင် တိုက်ခဲ့ကြတာဖြစ်ပါတယ်။

မကြာသေးခင်နှစ်တွေအတွင်းကတော့ လူမျိုးစုတွေကြား ပဋိပက္ခတွေ အနည်းငယ်ငြိမ်သက်ခဲ့ပေမယ့် အခုအခါမှာ ပြန်ပြီးတော့ ဖြစ်လာနေ တာဖြစ်ပါတယ်။