{{Zawgyi/Unicode}}
သမ္မတ ရိုဒရီကို ဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကာလအတွင်း ထောင်ချီ သေဆုံးခဲ့မှုတွေကို ဖိလစ်ပိုင် တရားရေးဝန်ကြီးဌာနက ပြန်လည် သုံးသပ်မယ်လို့ တရားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ရဲတပ်ဖွဲ့က မိမိလုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့တဲ့ လက္ခဏာတွေကို ပထမအသုတ်အဖြစ် ထုတ်ပြန်လိုက်တဲ့ အမှုတွေက ပြသနေကြပါတယ်။
ငါးနှစ်ကြာခဲ့တဲ့ တိုက်ဖျက်ရေးကာလအတွင်းက လူသတ်မှု ၅၂ မှုကို တရားရေးဌာန က ဒီကနေ့ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၀) မှာ အသေးစိတ် ထုတ်ပြန်လိုက်တာပါ။ ထောင်ချီတဲ့ အသတ်ခံလိုက်ရသူတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေ ဖြစ်ကြပြီး ဖမ်းဆီးရာမှာ ခုခံခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က တရားဝင် ပြောခဲ့ပါတယ်။ ခု ထုတ်ပြန်လိုက်တဲ့ အမှုတွေက ရဲရဲ့ အကြောင်းပြချက်ကို စိန်ခေါ်နေပါတယ်။ စစ်ဆေးခဲ့သလောက် အမှု တော်တော်များမှာ အသတ်ခံရသူတွေရဲ့လက်ထဲမှာ သေနတ်ကိုင်ခဲ့တဲ့ အထောက်အထား မတွေ့ခဲ့ရဘူးလို့ တရားရေးဌာနက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ရဲက အဆမတန် အားသုံးခဲ့ပြီး သံသယရှိသူတွေကို အနီးကပ်ပစ်ခဲ့တာကို တွေ့ရသလို ဆေးမှတ်တမ်း၊ ရဲ မှတ်တမ်းတွေလည်း မရှိဘူးလို့ဆိုပါတယ်။ ဆက်လက်လေ့လာ၊ အမှုတည်ဆောက်ပြီး ဆိုင်ရာရဲတွေကို ရာဇဝတ်မှုနဲ့ တရားစွဲမယ်လို့လည်း ပြောပါတယ်။
မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့သူတွေကို စနစ်တကျ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) က စုံစမ်းစစ်ဆေးမှာကြောင့် ဖိလစ်ပိုင် နိုင်ငံဟာ ဒီ ကိစ္စနဲ့ပတ်သက်ပြီး ဖိအားပေးခံနေရတာပါ။ ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ ထောင်ချီတဲ့အမှုတွေကို တရားရေးဌာနက စစ်ဆေးပါမယ်လို့ တရားရေးဝန်ကြီး Menardo Guevarra က ဖြေကြားခဲ့ပါတယ်။ လူ ၆,၀၀၀ ကျော် သတ်ဖြတ် ခံခဲ့ရတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားကြသူတွေက ပြောပါတယ်။
Your browser doesn’t support HTML5
================
{{Unicode}}
#PhilippinesPolitics #PhilippinesJustice #RodrigoDuterte #VOABurmese
================