ဖိလစ်ပိုင်မုန်တိုင်း လူတသောင်းထိ သေဆုံးနိုင်

ဖိလစ်ပိုင်နိုင်ငံ၊ Leyte ပြည်နယ်မှာ Haiyan မုန်တိုင်းတိုက်ခတ်ခံရပြီးနောက်မြင်ကွင်း။ (နိုဝင်ဘာ ၁၀၊ ၂၀၁၃)

ဟိုင်ယန်အမည်ရှိတဲ့ တိုင်ဖုန်းလေမုန်တိုင်းဒဏ်ကို အဓိကခံလိုက်ရတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အလယ်ပိုင်းပြည်နယ်မှာ သေဆုံးသူပေါင်း ၁ သောင်း လောက်ထိတောင် များပြားနိုင်တယ်လို့ ဒေသခံအရာရှိတွေက ပြောပါတယ်။

အပျက်အစီး အလွန်အကျွံဖြစ်သွားတဲ့ Leyte ပြည်နယ်မှာ ဘယ်လောက် ထိခိုက်သွားလဲ ဆိုတာ အကဲဖြတ်ပြီး ရဲနဲ့ ပြည်နယ်အရာရှိတွေ တနင်္ဂနွေနေ့မှာ အခုလိုခန့်မှန်းချက်ကို ထုတ်ပြန်သွားတာပါ။

ရေနစ်တာ၊ အဆောက်အဦးပြိုကျတာတွေကြောင့် အများဆုံး သေဆုံးကြရတာလို့ ဒေသရဲ့ ရဲချုပ်ကပြောပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ သမ္မတ Benigno Aquino က မုန်တိုင်းဒဏ်အခံလိုက်ရဆုံးနေရာတွေကို သွားရောက်ခဲ့ပါတယ်။

ဒီလို မုန်တိုင်းသင့် ဒုက္ခသည်တွေဆီကို ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ဆေးဝါးအထောက်အပံ့တွေ ပေးပို့နိုင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသတွေမှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြန်ကောင်းအောင်လုပ်ဆောင်ဖို့က သူ့အစိုးရရဲ့ အဓိက ဦးစားပေး အစီအစဉ်ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Tacloban မြို့မှာ အလောင်းပေါင်း ၄၀၀ လောက်ကို ကောက်ပြီးပြီလို့ မြို့စီမံခန့်ခွဲရေးမှူး Tecson Lim က ပြောပါတယ်။ Samar ခရိုင်မှာတော့ သေဆုံးသူ အနည်းဆုံး ၃၀၀ ရှိပြီး ပျောက်ဆုံးနေသူ ၂၀၀၀ ရှိတယ်လို့ ပြည်နယ်အရာရှိတွေက ပြောပါတယ်။

သစ်ပင်တွေပြိုလဲကုန်တာနဲ့ အပြိုအပျက်တွေ ပိတ်ဆို့နေတာကြောင့် နိုင်ငံအလယ်က တချို့အပိုင်းတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေပြီး အဲဒီနေရာတွေမှာ လူဘယ်လောက်သေဆုံးလဲဆိုတာ မသိရသေးပါဘူး။ ဟိုင်ယန် တိုင်ဖုန်းမုန်တိုင်းဟာ မှတ်တမ်းတင်ပြီးသား မုန်တိုင်းတွေထဲမှာ ပြင်းအား အများဆုံးနဲ့ တနာရီမိုင် ၁၈၀ ကျော် နှုန်းနဲ့ သောကြာနေ့က ဝင်ရောက် သွားတာပါ။

အခုတော့ မုန်တိုင်းဟာ Vietnam နိုင်ငံဘက်ကို ဦးတည်ရွှေ့လျားကာ တောင်တရုတ်ပင်လယ်ပြင်မှာ တိုက်ခတ်နေပြီး တနင်္ဂတွေနေ့ ညပိုင်း ဒါမှမဟုတ် တနင်္လာနေ့မှာ Vietnam နိုင်ငံကို ဝင်ရောက်မယ်လို့ ခန့်မှန်းရပါတယ်ရှင်။