မူစလင်သူပုန်အဖွဲ့နဲ့ ဖိလစ်ပိုင်အစိုးရ ငြိမ်းချမ်းရေး သဘောတူညီမှုရ

ဖိလစ်ပိုင်နိုင်ငံ၊ Maguindanao ဒေသက Moro အစ္စလာမ် လွတ်မြောက်ရေး တပ်ဦး MILF တပ်ဖွဲ့ဝင်များ။ (စက်တင်ဘာလ ၅ ရက်၊ ၂၀၁၁)။

ဖိလစ်ပိုင်နိုင်ငံက အကြီးဆုံး မူစလင် သူပုန်အဖွဲ့တခုနဲ့ ငြိမ်းချမ်းရေး အတွက် ပဏာမ သဘောတူညီချက်တွေ ရရှိခဲ့ပြီး နိုင်ငံတောင်ပိုင်းက လူပေါင်း ၁ သိန်း ၂ သောင်းလောက် သေကျေ ခဲ့ရပြီး ဖြစ်တဲ့ ဆယ်စုနှစ်နဲ့ချီ ခွဲထွက်ရေး ပုန်ကန်ထကြွမှုတွေ အဆုံးသတ်နိုင်ရေး ရည်ရွယ်ထားတဲ့ အကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။ Moro အစ္စလာမ် လွတ်မြောက်ရေး တပ်ဦး MILF နဲ့ သဘောတူညီချက်အရ Bangsamoro လို့ အမည်ပေးထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်း ရရှိမယ့် မူစလင် ဒေသတခုနဲ့ လက်ရှိ အောင်မြင်မှု မရတဲ့ စနစ်ကို အစားထိုးသွားမှာ ဖြစ်တဲ့အကြောင်း သမ္မတ ဘန်နီနိုအကွီနို (Benigno Aquino) က တနင်္ဂနွေနေ့ တိုင်းပြည်ကို ရုပ်မြင်သံကြား က ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောဆိုလိုက်တာပါ။

ဘိုးဘွားအစဉ်အဆက် နေထိုင်ရာ ဒေသအဖြစ် MILF အဖွဲ့က သဘောထားတဲ့ အရင်းအမြစ်တွေ ကြွယ်ဝရာ တောင်ပိုင်း Mindanao ဒေသမှာ နယ်မြေသစ် ဖန်တီးပေးဖို့ ကြေညာခဲ့တာ လည်း ဖြစ်ပါတယ်။ အခွင့်အာဏာ၊ ဘဏ္ဍာရေးနဲ့ နယ်မြေ သတ်မှတ်ချက်တွေ ပါဝင်မယ့် သဘောတူညီချက်ကို ဒီလ ၁၅ ရက်နေ့ မနီလာမြို့တော်မှာ လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အစီအစဉ်အတိုင်း ချောချောမောမော ဖြစ်မယ်ဆိုရင်တော့ သမ္မတ အကွီနို တာဝန်သက်တမ်း ကုန်ဆုံးမယ့် ၂၀၁၆ ခုနှစ်လောက် နောက်ဆုံးထားပြီး အပြီးသတ် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိနိုင်မယ်လို့လည်း ပြောခဲ့ကြတာပါ။

သဘောတူညီချက်ဟာ MILF အဖွဲ့အနေနဲ့ ခွဲထွက်ရေး လုပ်ရပ်တွေကို မလုပ်ဖို့ အာမခံချက် တရပ် ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။ စနေနေ့ မလေးရှားနိုင်ငံက နောက်ဆုံးဆွေးနွေးပွဲ မှာ အောင်မြင်မှု ရခဲ့တာဟာ ငြိမ်းချမ်းရေးအတွက် လမ်းစလို့လည်း MILF အဖွဲ့က ပြောဆိုခဲ့ပါတယ်။