ဖိလစ်ပိုင်မှာ ကမ္ဘာလှည့် ခရီးသည်တွေ ပြန်ပေးဆွဲခံရမှု အဆုံးသတ်

အပိုင်စီးခံရသည့် ဘတ်စ်ကားအတွင်းမှ ဒဏ်ရာရသည့် ခရီးသည်တဦးကို ကယ်ထုတ်နေစဉ်။ သြဂုတ် ၂၃၊ ၂၀၁၀။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကမ္ဘာလှည့် ခရီးသည်တွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစီးကို တနေကုန် အပိုင်စီးထားတာကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေ အသုံးပြု ရှင်းလင်းလိုက်ပါတယ်။

ဟောင်ကောင်က ခရီးသွား ၁၅ ယောက် ပါဝင်တယ်လို့ ယုံကြည်ရတဲ့ ဘတ်စ်ကားပေါ်ကနေ ဒဏ်ရာရနေသူ ကမ္ဘာလှည့် ခရီးသည် ၄ ယောက်ထက် မနည်းကို သယ်ထုတ်တာကိုလည်း ရုပ်မြင်သံကြားတွေမှာ တိုက်ရိုက်ပြသတာတွေ တွေ့မြင်ခဲ့ကြရတာပါ။

အခင်းဖြစ်ပွားနေတဲ့ နေရာမှာ ရောက်နေတဲ့ သတင်းသမားတွေကတော့ ဘတ်စ်ကား အပိုင်စီးထားသူကို သတ်ဖြတ်လိုက်ပြီလို့ ပြောကြပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ဝင်ရောက်စီးနင်းမှု မတိုင်မီ ထွက်ပြေးလွတ်မြောက်လာတဲ့ ဘတ်စ်ကား ယာဉ်မောင်းကတော့ သေနတ်သမားဟာ ဓားစာခံတွေကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ခရီးသည်တွေ သေဆုံးသူ ရှိမရှိ၊ အရေအတွက် ဘယ်လောက် ရှိမရှိ ဆိုတာတွေကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အစောပိုင်း ကားထဲက ပစ်ခတ်မှုတွေ ရှိခဲ့ပြီးတဲ့ နောက်မှာတော့ ကျည်ကာအင်္ကျီတွေ၊ သံခမောက်တွေ ဆောင်းထားတဲ့ ရဲတွေက ဘတ်စ်ကားကို ဝိုင်းထားခဲ့ကြပြီး ပြတင်းပေါက်တွေကို တူတွေနဲ့ ထုခွဲဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီလိုကြိုးပမ်းမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် ကားထဲကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။

ဓားစာခံ ပြန်ပေးဆွဲသူဟာ ၂၀၀၈ ခုနှစ်တုန်းက ရာထူးက ဖြုတ်ခံခဲ့ရတဲ့ ရဲအရာရှိတဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အစောပိုင်းမှာတုန်းကတော့ နေထိုင်မကောင်းဖြစ်ပြီး အသက်အရွယ်ကြီးသူ ဓားစာခံ အများအပြားကို ပြန်ပေးသမား ရဲအရာရှိက ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။