ဖိလစ်ပိုင်နိုင်ငံမြောက်ဘက် Batanes အရပ်မှာ ငလျင် နှစ် ခု လှုပ်သွားတာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာ ရသွားတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြင်းအားအဆင့် ၅.၄ နဲ့ ၅.၉ အသီးသီးရှိတဲ့ ငလျင် နှစ် ခု နာရီပိုင်းလောက်သာ ခြားပြီး ဒီကနေ့ မနက်အစောပိုင်းမှာ လှုပ်သွားတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပထမလှုပ်သွားတဲ့ ငလျင်ကြောင့် လူ ၅ ဦးသေဆုံးပြီး နောက်ဆက်တွဲ ငလျင်ငယ်ကြောင့် ၃ ဦးသေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ ဌာနက ညွှန်ကြားရေးမှူး Ricardo Jalad က ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
အဲဒီအရပ်ကို ဆေးတပ်ဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့တွေကိုလည်း အစိုးရက စေလွှတ်ထားပါတယ်။ လိုအပ်နေတဲ့ အထောက်အပံ့ပစ္စည်းတွေ ပို့ပေးဖို့နဲ့ ထိခိုက်ရာရသူတွေကိုလည်း ပြန်သယ်လာဖို့ စစ်လေယာဉ်တွေ စေလွှတ်ထားတယ်လို့လည်း ညွှန်ကြားရေးမှူး Ricardo Jalad ကပြောပါတယ်။
အိမ်တွေ လှုပ်ခါနေတာကို တွေ့မြင်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က တပ်ကြပ်ကြီး Uzi Villa က AFP သတင်းဌာနကိုပြောပါတယ်။ တချို့အိမ်နံရံတွေ လူတွေအပေါ် ပြိုကျခဲ့တယ်လို့လည်း ပြောပါတယ်။
အဲဒီအရပ်မှာ နောက်ဆက်တွဲ ငလျင်ငယ်အတော်များများလည်း လှုပ်သွားခဲ့တာပါ။ ငလျင်ဒဏ်ခံခဲ့ရတဲ့ Batanes ကျွန်းစုဟာ ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက်စွန်းက Lozon ရေလက်ကြားထဲမှာ တည်ရှိတာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ပစိဖိတ်ချိုင့်ဝှမ်းဒေသတလွှားက ring of fire လို့ခေါ်တဲ့ ငလျင်ရပ်ဝန်းပေါ်မှာ တည်ရှိတဲ့အတွက် မကြာခဏဆိုသလို ငလျင်ဒဏ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
Your browser doesn’t support HTML5
ဖိလစ်ပိုင်ငလျင် လူ ၈ ဦး မက သေဆုံး