မြန်မာနိုင်ငံအတွင်း ရေကာတာတွေ တည်ဆောက်မယ့်နေရာတွေက ဒေသခံတွေကို ရွှေ့ပြောင်းတဲ့နေရာမှာ အစိုးရအနေနဲ့ ဥပဒချိုးဖောက်မှု ရှိနေတယ်လို့ Physicians for Human Rights လို့ခေါ်တဲ့ လူ့အခွင့်အရေးအတွက် ဆရာဝန်များအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပေါင်းလောင်း မြစ်တလျှောက် ရေကာတာ တည်ဆောက်မယ့်နေရာကနေ အဓမ္မ ရွှေ့ပြောင်းခံခဲ့ရတဲ့ ဒေသခံတွေကို တွေ့ဆုံမေးမြန်းပြီး ဒီအစီရင်ခံစာကို ထုန်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ အခြေစိုက် Physicians for Human Rights လို့ခေါ်တဲ့ လူ့အခွင့်အရေးအတွက် ဆရာဝန်များအဖွဲ့က ဒီ အစီရင်ခံစာကို အောက်တိုဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ရေကာတာတွေ တည်ဆောက်တာ အပါအဝင် မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေတဲ့ စီမံကိန်း အကြီးစားတွေအတွက် ဒေသခံတွေရဲ့သဘောဆန္ဒမပါဘဲ အဓမ္မ ရွှေ့ပြောင်းခိုင်းမှုတွေ၊ မြေသိမ်း ယာသိမ်း အမှုတွေ မကြာခန ဖြစ်ပေါ်နေတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပန်းလောင်မြစ်တလျှောက် ရေကာတာ တည်ဆောက်ဖို့အတွက် နေရပ်ရွှေ့ပြောင်းပေးလိုက်ရတဲ့ ဒေသခံတွေထံမှာ စစ်တမ်း ကောက်ယူပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်တာလို့ အဖွဲ့ရဲ့ ညွန်ကြားရေးမှူးတဦးဖြစ်တဲ့ Widney Brown က ဗွီအိုအေကို ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို ကြည့်မယ်ဆိုရင် - လယ်ယာမြေတွေကို အစိုးရက သိမ်းပိုက်ပြီး ရေကာတာတို့၊ သီလဝါ ဆိပ်ကမ်း စီမံကိန်း တို့လို နေရာတွေမှာ နိုင်ငံခြားကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံခွင့် ပြုနေတာ ဖြစ်ပါတယ်။ အဲဒီလို စီမံကိန်းတွေအတွ နေရပ် ရွှေ့ပြောင်းခံကြရတဲ့ ဒေသခံတွေအနေနဲ့ သူတို့မှာ ဘယ်လို အခွင့်အရေးရှိတယ်ဆိုတာကို မသိရှိတာရော၊ အစိုးရအပေါ် အယုံအကြည် မရှိတာရောကြောင့် သူတို့ ရွှေ့ပြောင်းခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘာမှ ပြန်မလုပ်နိုင်ကြဘူး။ ကျမတို့ အစီရင်ခံစာအတွင်းမှာ တွေ့ကြရသလိုပဲ ဒီစစ်တမ်းအတွက် မေးမြန်းခဲ့တဲ့ ပန်းလောင်ဒေသခံ ၆၄ % ဟာ နေရပ် ရွှေ့ပြောင်းပေးဖို့အတွက် ခြိမ်းခြောက်ခံခဲ့ကြရတာ၊ ဒါမှမဟုတ် ရွှေ့ပြောင်းဖို့ ငြင်းဆန်ရင် နောက်ဖြစ်လာမယ့် အကျိုးဆက်တွေကို ကြောက်ရွံ့တာတွေကြောင့် ရွှေ့ပြောင်းပေးခဲ့ကြရတာလို့ ထွက်ဆိုခဲ့ကြပါတယ်။”
ဒီနေရာမှာ ဥပဒေ ချိုးဖောက်မှုတွေကို တွေ့ကြရတယ်လို့ Widney Brown က ဆက်ပြောပါတယ်။
“ပထမအချက်အနေနဲ့ နိုင်ငံသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို အကာကွယ်မပေးဘူးဆိုတာကို တွေ့ရပါတယ်။ ဒုတိယအချက်ကတော့ အမှန်တကယ် ဘာတွေ ဖြစ်နေသလဲဆိုတာပါ။ ဆည်တည်ဆောက်ဖို့အတွက် နေရပ် ရွှေ့ပြောင်းခံလိုက်ရတဲ့ ဒေသခံတွေရဲ့ လက်ရှိ အခြေအနေဟာ မူလကထက် အများကြီး ဆိုးရွားနေတာကို တွေ့ရပါတယ်။ ကျမတို့အနေနဲ့ အဓိကထား သုတေသနလုပ်ခဲ့တာကတော့ စားနပ် ရိက္ခာ ဖူလုံမှု၊ သောက်သုံးရေသန့်နဲ့ တကိုယ်ရေသန့်ရှင်းမှု၊ သူတို့နေတဲ့အိမ်တွေရဲ့ အရည်အသွေး၊ ကျန်းမာရေး စောင့်ရှောက်မှု ရမရနဲ့ အသက်မွေးဝမ်းကျောင်းမှု ကိစ္စတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေ အများစုဟာ သူတို့ နဂိုရ်ရှိခဲ့တဲ့ မြေနေရာအပေါ် အခြေခံပြီး အသက်မွေးဝမ်းကျောင်းမှု ပြုကြတဲ့အတွက် ဖြစ်ပါတယ်။”
ပေါင်းလောင်းမြစ်တည်ဆောက်ရေးအတွက် နေရပ်ရွှေ့ပြောင်းခံရသူတွေထံကနေ ကောက်ယူ ရရှိခဲ့တဲ့ စစ်တမ်းမှာ အဓိက ဖော်ပြထားတဲ့ အချက်တွေကတော့ - ဒေသခံ ၄၆% ရာခိုင်းဟာ မိမိသဘောဆန္ဒမပါဘဲ ကြောက်ရွံ့လို့၊ ဒါမှမဟုတ် နောက်ပိုင်းမှာ တခုခုဖြစ်မှာစိုးလို့ ရွှေ့ပြောင်းပေးလိုက်တာ၊ ရွှေ့ပြောင်းခံလိုက်ရတဲ့ မိသားစု စုစုပေါင်းရဲ့ ၈၃ % ဟာ မြန်မာနိုင်ငံရဲ့ အနိမ့်ဆုံးဝင်ငွေအောက်ကို ကျဆင်း သွားတာ၊ ရွှေ့ပြောင်းခံရသူ ၉၃ % ဟာ သူတို့ရဲ့ နေမှု ထိုင်မှုအားလုံး မူလကထက် အခြေအနေ ပိုမိုဆိုးရွားသွားတာ၊ ရွှေ့ပြောင်းခံရသူ ၉၁ % ဟာ သူတို့လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ လုံလောက်တဲ့ ဝင်ငွေမရှိတာ၊ အားလုံးထဲက ၄၅% ဟာ လုံလောက်တဲ့ သောက်ရေမရရှိတာနဲ့ ဒီ ရွှေ့ပြောင်းခံရသူ ၈၁ % ဟာ စိတ်ကျဝေဒနာ ခံစားနေရပြီး အဲဒီအတွက် သူတို့ကို လိုအပ်တဲ့ လမ်းညွန်ချက်တွေ ပေးဖို့တို့ ဖြစ်ပါတယ်။
ဒီလူတွေကို အကာကွယ်ပေးနိုင်ဖို့အတွက် လွှတ်တော်အနေနဲ့ ကော်မရှင်တရပ်ဖွဲ့စည်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ Widney Brown က ထောက်ပြပါတယ်။
“နေရပ်ရွှေ့ပြောင်းခံထားရပြီး အဲဒီလို ရွှေ့ပြောင်းခံရတဲ့အတွက် ဒုက္ခဆင်းရဲနဲ့ ကြုံတွေ့နေရသူတွေ နေရပ်ရွှေ့ပြောင်းမခံရခင်က အခြေအနေထက် ပိုဆိုးတဲ့ဘဝမျိုး မဖြစ်ရလေအောင် လွှတ်တော်အနေနဲ့ ကော်မရှင်တရပ်ဖွဲ့စည်းပြီး ကူညီ ဆောင်ရွက်ပေးဖို့ ကျမတို့ တောင်း ဆိုပါတယ်။ ဒါ့အပြင် လက်ရှိအခြေအနေမှာ အစိုးရက မျက်ကွယ်ပြုထားတဲ့ မိရိုးဖလာ လယ်ယာမြေ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုပေးဖို့ အပါအဝင် လယ်ယာမြေ အသုံးချမှုနဲ့ဆိုင်တဲ့ မူဝါဒတွေ ပြဌာန်းပေးဖို့လည်း ကျမတို့ တောင်းဆိုပါတယ်။ နောက် အခုကြုံတွေ့နေရသလို နေရပ် ရွှေ့ပြောင်းပေးရတဲ့အတွက် လူတွေ ဘေးဒုက္ခရောက်တဲ့အဖြစ်မျိုးနဲ့ ထပ်မကြုံတွေ့ရအောင် ဒေသခံတွေကို နေရပ်ရွှေ့ပြောင်းမယ်ဆိုရင် ဥပဒေနဲ့အညီ ဆောင်ရွက်ပြီး သူတို့ ပြောင်းရွှေ့ရမယ့် နေရာသစ်ဟာ သူတို့အတွက် အဆင်ပြေစွာ နေထိုင်နိုင်တဲ့နေရာအဖြစ် ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
ပေါင်းလောင်းမြစ်ကြောင်းတလျှောက်က ကျေးရွာပေါင်း ၂၃ ရွာမှာရှိတဲ့ လူပေါင်း ၈,၀၀၀ ကျော် အဓမ္မ ရွှေ့ပြောင်းခံခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မကြာခင်မှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းဖို့ ရှိတဲ့အတွက် အရွေးခံကြမယ့် လွှတ်တော်အမတ်တွေအနေနဲ့လည်း ကိုယ့်မဲဆန္ဒ နယ်မြေရဲ့ အခြေအနေကို သိရှိထားကြဖို့ လိုအပ်တယ်လို့လည်း Widney Brown က ပြောပါတယ်။
နယူးယောက်မြို့ အခြေစိုက် Physicians for Human Rights လို့ခေါ်တဲ့ လူ့အခွင့်အရေးအတွက် ဆရာဝန်များအဖွဲ့ဟာ မြန်မာနိုင်ငံအတွင်း စေတနာ့ဝန်ထမ်း ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေတဲ့အဖွဲ့ဖြစ်တဲ့အပြင် လယ်ယာမြေသိမ်းဆည်းမှုတွေအပါအဝင် လူထုအကြား ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
အခုချိန်မှာ ပြည်တွင်း ပြည်ပက အဖွဲ့အစည်းတွေရဲ့ ပညာပေး ပြောဆို ဆွေးနွေးမှုတွေကြောင့် လယ်ယာမြေ အဓမ္မသိမ်းဆည်းမှု၊ နေရပ် ရွှေ့ပြောင်းမှုတွေအတွက် ဒေသခံ လူထုအကြား အသိပညာ တဖြည်းဖြည်း ရှိလာနေပြီလို့ Widney Brown က ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း မြစ်ဆုံဆည် တည်ဆောက်မယ့်ကိစ္စမှာလည်း ဒေသခံတွေ အဓမ္မ နေရပ်ရွှေ့ပြောင်းပေးတဲ့အပြင် ဒေသတွင်း သဘာ၀ အရင်းအမြစ်တွေ ကြီးမားစွာ ပျက်ဆီး ဆုံးရှုံးမယ့်အရေးနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် မြန်မာနိုင်ငံတဝှမ်း မြစ်ဆုံဆည် တည်ဆောက်မယ့်ကိစ္စကို ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြတဲ့အတွက် အဲဒီ စီမံကိန်းကို ဆိုင်းငန့်ထားမယ့်အကြောင်း သမ္မတ ဦးသိန်းစိန်က ကြေညာချက် ထုတ်ပြန်ပြီး ရပ်ဆိုင်းထားပါတယ်။
မကြာခင်က မြန်မာနိုင်ငံမှာ ဝင်ရောက် တိုက်ခတ်သွားတဲ့ ကိုမန် မုန်တိုင်းကြောင့် နိုင်ငံအနှံ့ မိုးသည်း ၊ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် အဲဒီက သင်္ခန်းစာယူပြီး ဆည်တွေကို တည်ဆောက်တာပဲဖြစ်ဖြစ်၊ ကြီးမားတဲ့ စီမံကန်းကြီးတွေကို အကောင်အထည် ဖော်တဲ့နေရာမှာပဲဖြစ်ဖြစ် နောက်ဆက်တွဲ ဖြစ်ပေါ်မယ့် အကျိုးဆက်တွေကို ဘက်စုံ ရှုဒေါင့်က ထည့်သွင်းစဉ်းစားပြီးမှ လုပ်ဆောင်ကြဖို့ ပညာရှင်တွေကလည်း သတိပေး ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ အရင် စစ်အစိုးရလက်ထက်ကတည်းက လယ်ယာမြေသိမ်းဆည်းမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် အဲဒီကိစ္စအတွက် တဦးတယောက်၊ ဒါမှမဟုတ် အဖွဲ့အစည်း တခုခုကို အပြစ်ပေး အရေးယူတာ မရှိတဲ့အပြင် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ အများအပြားကိုလည်း မူလပိုင်ရှင်ထံ ပြန်လည် ပေးအပ်တာမျိုး မရှိသလောက်ပါပဲ။
လယ်သမားတွေရဲ့ တိုင်ကြားချက်နဲ့ ဆန္ဒပြမှုတွေပါ များလာခဲ့တာကြောင့် ပြည်ထောင်စု လွှတ်တော်က မြေယာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး မြေယာအမူအခင်းတွေနဲ့ပတ်သက်လို့ ကိုင်တွယ် ဖြေရှင်းတာမှာ တိုင်စာ ၆၀၀၀ ကျော်ထဲရှိတဲ့ အထဲက ၄၀၀ကျော်ကိုသာ အစိုးရဘက်က ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ လွှတ်တော်မြေယာ စုံစမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းက ဗွီအိုအေကို ပြောကြားခဲ့ဖူးပါတယ်။