၂၁ ရာစုပင်လုံညီလာခံ အကြို လုံခြုံရေးတင်းကျပ်

21 century pinglong ceremony preparation (Htet Aung Khant)

နေပြည်တော်မှာ မနက်ဖြန် စတင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွက် နောက်ဆုံးအဆင့် ပြင်ဆင်နေကြပါပြီ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံတကာ အကဲခတ်တွေလည်း တက်ရောက်ကြမယ့် နေပြည်တော်က မြန်မာကွန်ဗင်းရှင်း စင်တာနဲ့ အနီးတဝိုက်မှာလည်း လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားပါတယ်။

ညီလာခံ မနက်ဖြန် စတင်ကျင်းပရာမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တို့လည်း တက်ရောက် မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး ပါဝင်နိုင်ဖို့ မူလက ရည်မှန်းထားပေမဲ့ စစ်တပ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေဆဲ TNLA တအောင်း-ပလောင်တပ်ဖွဲ့၊ AA ရခိုင်လက်နက်ကိုင် အဖွဲ့နဲ့ MNDAA ကိုးကန့် လက်နက်ကိုင် အဖွဲ့တွေ တက်ရောက်နိုင်ရေး ကိစ္စကတော့ နောက်ဆုံးအချိန်အထိ မသေချာသေးပဲ ဖြစ်နေပါတယ်။

မြန်မာစစ်တပ်ကတော့ ဒီအဖွဲ့ ၃ ဖွဲ့ အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ ကတိပေးစေလိုတဲ့ သဘောထားတွေကို ပြောဆိုထားကြတာပါ။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး ပါဝင်ခွင့်ရရေး မရေမရာ ဖြစ်နေပေမဲ့လည်း ဗုဒ္ဓဟူးနေ့မှာ စတင်ကျင်းပမယ့် ၄ ရက်ကြာ ညီလာခံကနေ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံတွေ ချမှတ်နိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။