ပျက်ကျဂျာမန်ခရီးသည်တင် လေယာဉ်ရဲ့ Black Box တစ်လုံးရှာတွေ့

ပြင်သစ်နိုင်ငံ Alps တောင်တန်းမှာ ဂျာမန်ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့တဲ့နေရာမှာ ရှာဖွေရေး ကြိုးပမ်းအားထုတ်မှုတွေကို အင်္ဂါနေ့နှောင်းပိုင်းက ဆိုင်းငံ့လိုက်ပါတယ်။

အဲဒီနေ့စောစောပိုင်းက ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်ပေါင်း ၁၄၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦး အားလုံး အသက်ဆုံးရှုံးခဲ့တယ်လို့ သက်ဆိုင်ရာအစိုးရအရာရှိတွေက ပြောကြားခဲ့ပြီး၊ အဲဒီပျက်ကျခဲ့တဲ့ တောင်ထူထပ်တဲ့နေရာမှာ ညအချိန် ကျရောက်ခဲ့လို့ အခုလို ရှာဖွေမှုကို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

ပြင်သစ်အရှေ့တောင်ပိုင်းရှိ လေယာဉ်ပျက်ကျခဲ့တဲ့ အဲဒီနေရာကို အထူးလေ့ကျင့်ထားတဲ့ တောင်ပေါ်ရဲ တဒါဇင်ခန့်တို့က စောင့်ကြပ်လျက်ရှိပြီး ဗုဒ္ဓဟူးနေ့မနက် အာရုဏ်တက်မှာ အလောင်းတွေကို စတင် သယ်ထုတ်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြင်ဆင်လျက်ရှိကြပါတယ်။

ဂျာမန်လေကြောင်း Lufthansa ရဲ့ ဌာနခွဲတခုဖြစ်တဲ့ ဈေးနှုန်းသက်သာတဲ့ Germanwings လေကြောင်းပိုင် Airbus A-320 အမျိုးအစား ခရီးသည်တင်ဂျက်လေယာဉ်ဟာ စပိန်နိုင်ငံ Barcelona ကနေ ဂျာမနီနိုင်ငံ Duesseldorf ကို ဦးတည်ပျံသန်းစဉ် အရေးပေါ်အချက်ပြ အကူအညီတွေ တောင်းခံနိုင်ခြင်းမရှိဘဲ အင်္ဂါနေ့မနက်က ပျက်ကြသွားတာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျရာနေရာကနေ ပျံသန်းမှု အသံဖမ်းစက် black box တစ်လုံးကို တွေ့ရှိထားပြီဖြစ်ပြီး ပဲရစ်မြို့မှာ စစ်ဆေးလေ့လာနေတယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။ အခုလောလောဆယ်အချိန်မှာ ဒီပျက်ကျမှုကို သာမန် မတော်တဆပျက်ကျမှုအဖြစ် လေကြောင်းလိုင်းက ယူဆထားပြီး အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်စပ်နိုင်မှု အလားအလာနဲ့ ပတ်သက်လို့တော့ သတိထား တုံ့ပြန်ခဲ့ပါတယ်။

အိမ်ဖြူတော်ကတော့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ဆက်စပ်မှု အရိပ်လက္ခဏာ မတွေ့ရဘူးလို့ ပြောပါတယ်။ သမ္မတ ဘရက်ခ် အိုဘားမားက အထူးသဖြင့် ဂျာမနီနဲ့ စပိန်နိုင်ငံသားတွေ အပါအဝင် ဥရောပရှိ မဟာမိတ်တွေကို ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာပို့ခဲ့ပါတယ်။

ပြင်သစ်သမ္မတ François Hollande က သေဆုံးတဲ့သူတွေထဲ ဂျာမန်၊ စပိန်နဲ့ တူရကီ နိုင်ငံသားတွေ ပါဝင်ကြောင်းပြောပြီး၊ ပြင်သစ်နိုင်ငံသားတွေ ပါဝင်တယ်၊ မပါဝင်ဘူးဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း အခုလိုလေယာဉ်ပျက်ကျမှုမှာ အမေရိကန်နိုင်ငံသားတွေ ပါဝင်မှု ရှိ မရှိကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ပြောပါတယ်။