စားစရာထဲက အဆိပ်သင့်ဓာတုပစ္စည်း (အပိုင်း-၂)

ရန်ကုန်မြို့လယ်ခေါင်မှာ ရောင်းချနေသည့် လက်ဖက်အစုံသုပ်ဆိုင်။

စားစရာတွေကို အထည်ဆိုးတဲ့ ဓာတုဆေးတွေသုံးတာနဲ့ အကြော်တွေ ကြွပ်ရွအောင် ပလပ်စတစ် ထည့်ပြီး ကြော်ကြတာတွေရဲ့ အန္တရာယ်ကြီးမားပုံကို တင်ပြပေးထားပါတယ်။
အဝတ်အထည်တွေကို အရောင်ဆိုးတဲ့ ဓာတုဆိုးဆေးတွေကို သုံးပြီး စားစရာတွေ ရောင်းကောင်းအောင် လုပ်ကြတာတွေ နဲ့ အကြော်တွေ ကြွပ်ရွအောင် ပလပ်စတစ် ထည့်ပြီး ကြော်ကြတာတွေဟာ အန္တရာယ်ကြီးမားတဲ့အကြောင်း ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ် ၂၀၀၉ ခုနှစ်တုန်းက အစားအသောက်တွေထဲမှာ ပိုး၊ ချည်၊ သိုးမွေးနဲ့ သားရေတွေ ကို အရောင်ဆိုးတဲ့ အော်ရာမင်း အို (Auramine O) ဆိုးဆေးတွေ တွေ့နေရတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအစာနဲ့ ဆေးဝါးဆိုင်ရာ ကနေ သတင်းထုတ်ပြန်ခဲ့ပြီး ဒီဆိုးဆေးတွေဟာ လူတွေ အတွက် အသည်းနဲ့ကျောက်ကပ်ကို အန္တရာယ်ဖြစ်စေတဲ့အပြင် ကင်ဆာရောဂါကိုပါ ဖြစ်စေနိုင် တယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီအချိန်က စားသောက်ကုန်ပစ္စည်း ၁၀၅ မျိုးကို အန္တရာယ်ကြီးတဲ့ ဓာတုပစ္စည်းတွေပါဝင်မှုနဲ့ သတိပေးခဲ့ပါတယ်။

လူကိုအန္တရာယ်ပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ အစားအစာတွေမှာသုံးရင် ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်တဲ့ ဥပဒေရှိပေမယ့် သေသေချာချာ အရေးယူတာမျိုးမရှိတဲ့အတွက် အခုထိ ဆက်သုံးနေကြတာတွေ့ရပါတယ်။ အထူး သဖြင့် အသားအခြောက်တွေ၊ ပင်လယ်ငါး၊ ငါးအစို ငါးအခြောက်၊ ငရုပ်သီးမှုန့်၊ မျှစ်၊ တချို့ပဲမျိုးတွေနဲ့ ဖျော်ရည်တွေမှာ သာမက လူကြိုက်များတဲ့ အချဉ်ထုပ်တွေမှာ ဒီဆိုးဆေးတွေကို တွင်တွင်ကျယ်ကျယ် သုံးနေကြတာပါ။ ဒါတွေဟာ သိပ်အန္တရာယ်များတယ်လို့ ဓာတုပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။

“ဒီနိုက်ထရိုဂျင်ကွန်ပေါင်းတွေ အားလုံးဟာ ကာစီနိုဂျင်းနစ်တွေပဲလေ။ အန္တရာယ် အများကြီး ရှိတယ်။ ကင်ဆာဖြစ်နိုင်တဲ့ ဟာ။ ချက်ချင်း သူက ဘာမှမဖြစ်ဘူး။ နိုက်ထရိုဂျင်ကွန်ပေါင်း က အော်ရာမင်းတို့လို လက်ဘက်ထဲမှာထည့်တဲ့အတွက် ၂၀၀၈ ခုနှစ်လောက်ကတည်း က ပြဿနာတွေ တက်နေကြတယ်။ အခုလည်း ဒီလက်ဘက်တွေဟာ အရောင်တွေပြန်စိမ်း နေ ပါတယ်။ ဒါကိုထပ်ပြီး စစ်တဲ့လူ ရှိမရှိ ကျွန်တော် မသိဘူး။ ဒါပေမယ့် လားရှိုးတို့လို ရှမ်းပြည် တဝိုက်မှာတော့ ချည်ဆိုး ဆေးပုံးတွေကတော့ အမြဲတမ်း အများကြီး ရှိတယ်။ အိုရာမင်းကို ချည်ဆိုးဆေးပုံးတွေထဲမှာ အများကြီး တွေ့ရတယ်။ အဝါရောင်ခြည် ဆိုးဆေးကို သူတို့သုံးတာပါ။ စိမ်းဖန့်ဖန့်လေးပေါ့”

ဒီလိုအရောင်အသွေးလှဖို့ အစားအစာတွေထဲမှာ ထည့်ကြတာဟာ လူတွေအတွက် အန္တရာယ် အတိုင်းအတာ ဘယ်လောက် ရှိပါသလဲ။

“သူက ချက်ချင်းတော့ ဘာမှမဖြစ်ဘူးပေါ့။ ဒါပေမယ့် အန္တရာယ် အများကြီး ရှိပါတယ်။ ကင်ဆာဖြစ်နိုင်တဲ့ဟာပါ။ ချက် ချင်းတော့ သူက ဘာမှမဖြစ်ပါဘူး။ နောက် သူတို့ ထည့်တာက မီလီဂရမ် နည်းနည်းပဲထည့်တာမို့ နည်းနည်းပဲစားတဲ့သူ အတွက် ရုတ်တရက်တော့ ဘာမှ ထိရောက် မှာ မဟုတ်ပါဘူး။ ငါးပုဏ္ဏားတို့ ဘာတို့ သွားဝယ်ရင်လည်း သူတို့က ဆေးဆိုး ထားတာပဲ။ မဆိုးတဲ့ ဆိုင်မရှိသလောက်ပဲ။ မဆိုးခင်မှာ အဝါရောင် ဖျော့ဖျော့လေးပဲ။ ဒါပေမယ့်ဆိုးလိုက်တဲ့အခါ လှသွား တာပဲ။ ကျွန်တော်တို့လည်း မျက်စိနဲ့ အစာစားနေကြတာကိုး။ အကုန်လုံးကလှမှ ဝယ်ကြတာ”

မြန်မာနိုင်ငံမှာ အချဉ်ထုပ်တွေကို တော်တော်များများက ကြိုက်ကြပါတယ်။ ဒီအချဉ်ထုပ်တွေမှာ အန္တရာယ်ရှိတာ ဘာပါပါ လဲ။

“လောလောဆယ်မှာတော့ ဆိုးဆေးတွေ သူတို့သုံးတယ်။ နောက်သူတို့ အက်စစ်တွေလည်း သုံးကြတယ်။ အရင်ခေတ် ကတော့ ဆာလ်ဖျူရစ် အက်ဆစ်လည်း သူတို့သုံးတယ်။ အဲဒါ ဘက်ထရီမှာသုံးတဲ့ အက်ဆစ်ဆိုတော့ ပေါပေါလော လောနဲ့ ဝယ်လို့ရတယ်။ ဒီအက်ဆစ်က နည်းနည်းပါးပါးပဲဆိုရင်တော့ ဘာမှ သိပ်အများကြီး မဖြစ်ဖူးပေါ့။ အင်ဇိုင်း စစ္စတန် (အစာချေစံနစ်) တွေ ဘာတွေ နည်းနည်းပါးပါး ပျက်စီးတာလောက်ပဲ ရှိတာပေါ့။ ဂက်-စ်ထရစ်တွေ ဘာတွေ ဖြစ်တယ်။ အခု တော်တော်များများက စားလိုက်ရင် ပါးစပ်မှာနီနေတယ်၊ လျှာမှာနီနေတယ်။ နောက် ခရမ်းရောင် ဖြစ် သွားတဲ့ ဆေးတွေလည်း ရှိတယ်။
အဲဒီ ဆိုးဆေးတွေပါတဲ့ဟာတွေပေါ့။ အများစုကလည်း ဒီဈေးပေါပေါလေးနဲ့ ရောင်းတဲ့ ဆိုးဆေးတွေ။ အထူးသဖြင့် ကတော့ အချဉ်ထုပ်တွေမှာ ထည့်တဲ့ ဆိုးဆေးတွေက ဓာတ်ဆေး ဆိုးဆေးတွေပါ”

သူတို့ရဲ့ဓာတုဖွဲ့စည်းပုံနဲ့ ဘယ်လိုအန္တရာယ်ရှိတယ်ဆိုတာ ကြည့်ရအောင်ပါ။

“သူတို့က အိတ်ဇိုဒိုင်းတွေဆိုတော့ နိုက်ထရိုဂျင် နှစ်လုံးဆင့်ထားတဲ့ကောင်တွေ အိတ်ဇိုဒိုင်း။ သူတို့က ကျောက်မီးသွေး ကနေထုတ်တဲ့ အရောင်ဆိုးဆေးတွေ။ ပါကင်ကနေ ပထမဆုံး ရှာတွေ့တဲ့ ဒိုင်းတွေ (ဆိုးဆေးတွေ) အဲဒါက အရောင်မျိုးစုံ ထုတ်လို့ရတာမို့ ဓာတ်ဆိုးဆေးအနေနဲ့ သုံးတယ်။ သူတို့က လူတွေကို ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်ဆိုပြီးတော့ အစားအသောက်မှာ မသုံးဖို့ တားမြစ်ခဲ့တာ နှစ်ပေါင်းအတော်ကြာပါပြီ။

အဲဒါကို ကြွက်တွေ ဘာတွေမှာ စမ်းကြည့်တော့လည်း အကြိတ်တွေ၊ အဖုတွေ ထွက်လာတာ ကို တွေ့ရတယ်။ ဒါ့ကြောင့် မသုံးကြတာပါ။ မြန်မာပြည်မှာကျတော့ ဒီလိုမျိုး ဈေးပေါပေါနဲ့ ရောင်းတဲ့ ဟာကို အရောင်လှအောင်လုပ်တဲ့ နေရာတွေမှာ သုံးကြတာပဲ။ မက်မန်းသီးတို့ ဘာတို့ဆို အရောင်ကို နီရဲနေအောင် ဆိုးကြတယ်။ သူ့နဂိုရ်အရောင်က အဝါရောင်လေး ပါ။ လှပါတယ်။ ဒါကလည်း အကျင့်ဖြစ်သွားတော့ အနီရောင်ကိုပဲစွဲသွားပြီး ဒီလိုစားနေကြတာလေ”

ဆိုးဆေးတွေနဲ့ ရောင်းကောင်းအောင် ကြိုးစားကြတာတွေအပြင် မြန်မာနိုင်ငံသားတွေ နှစ်သက်ကြ တဲ့ အကြော်မျိုးစုံကို ကြွပ်ရွနေအောင် ပလပ်စတစ် ပစ္စည်းတွေသုံးတာမျိုး တွေ့နေရတာမို့ ဒါတွေ ရဲ့အန္တရာယ် အတိုင်းအတာကရော ဘယ်လို ရှိပါသလဲ။

“သူတို့က ဆီထဲမှာ ပလပ်စတစ် အိတ်တွေ ထည့်ပြီးတော့ ကြော်လိုက်ရင် ပိုပြီးတော့ ကြွပ်ရွတယ် လို့ ပြောပါတယ်။ အခုထက်ထိလည်း အဲဒါကို ဖမ်းပြီး အရေးယူတာ ကျနော်တော့ မတွေ့ရသေးဘူး။ ဒီလို ပလပ်စတစ်သုံးမသုံး၊ ရှိမရှိ ကျန်တဲ့ စစ်ဆေးရေးနည်းတွေလည်း ဘယ်သူမှ မသိကြဘူး။

အကြော်ဆီ ပူလာတဲ့အခါ အဲဒီထဲမှာ ပလပ်စတစ်ကို ထည့်လိုက်ရင် ပလပ်စတစ်တွေက ပျော်သွား တယ်။ ပလပ်စတစ်ပါတဲ့ အတွက် ဆီရဲ့ ဆူမှတ်က မြင့်တက်လာတယ်။ အပူချိန်မြင့်မြင့်မှာ ကြော် လိုက်ရင် ရေချက်ခြင်းထွက်သွားတဲ့အတွက် ကြွပ်ရွ မှုက ပိုသွားတယ်။ တကယ်လို့ ဒီပလပ်စတစ် အိတ်က အကြော်မှာ ကပ်မပါရင်တော့ ဘာမှ မဖြစ်ဖူးပေါ့။ ကပ်ပါရင်တော့ သူက ကလိုရင်းပါတဲ့ ကွန်ပေါင်းတွေလေ။ အဲဒီကွန်ပေါင်းတွေကလည်း အတော်လေးကို ဆိုးဝါးတဲ့ ကာဆီနိုဂျင်းနစ် (ကင်ဆာဖြစ်စေနိုင်တဲ့) ကွန်ပေါင်းတွေ။ ဗင်နိုင်းလ် ကလိုရိုက်တွေ ဘာတွေ ပါတာပေါ့။ သူ့ထဲမှာလေ။ အဲဒီတော့ သူလည်း အန္တရာယ် တော်တော်ရှိတာပေါ့။ ဒိုင်အောက်ဆင်ပေါ့။ ဒိုင်အောက်ဆင် ဖြစ်နိုင်တဲ့ ကွန်ပေါင်း။ အဲဒါကို အကြော်ကြွပ် အောင်လုပ်ရင် အရမ်းကောင်းတယ် ဆိုတာ ဘယ်သူက တွေ့သွားလဲ မသိဘူး။ သူက ဒါထည့်ရင် melting point ကနိမ့်သွားတယ် boiling point က မြင့်လာတယ်။ အဲဒါကြောင့် ကျနော်တို့ ဆူအောင်လို့ အပူပေးတဲ့အခါမှာ boiling point အရမ်းမြင့်လာတဲ့အတွက် အကြော်တွေက ပိုကြွပ်ရွသွားတယ်။ အရသာရှိရှိ စားလို့ရတယ်။ ဒါဟာ အနည်းဆုံးတော့ အကြော် ကြော်တဲ့သူနဲ့ အနားမှာ ရှိတဲ့သူတွေက ဒီ ဒိုင်အောက်ဆင်ရဲ့ဒဏ်ကိုတော့ ခံရမှာ အသေအချာပါပဲ။ ဒီ ပလပ်စတိတ်အိတ်ရဲ့ အနံ့က ဒီ ဒိုင်အောက်ဆင်က ထွက်ကိုထွက်တယ်။ မထွက်ဘဲမနေဘူး”

စားစရာတွေကို ပလပ်စတိတ်အိတ်ထဲ ထည့်ပြီး မိုက်ခရိုဝေ့ဖ်နဲ့ အပူပေးတာမျိုးကို မလုပ်ကြဖို့ တားမြစ်တယ်။ ဒီလို ပလပ်စတိတ်ရဲ့ အန္တရာယ် ရှိတာကို ပြောပြပေးပါဆရာ။

“ပလပ်စတိတ်တွေက သူ့ဟာနဲ့ သူဆိုရင်တော့ ဘာမှ မဖြစ်ဖူးပေါ့လေ။ ဒါပေမယ့် နေပူထဲမှာ ကြာကြာထားတဲ့ အခါမှာ ဖြစ်စေ UV light ခရမ်းလွန်ရောင်ခြည်နဲ့ ဖြတ်တဲ့အခါတို့၊ ခုနပြောတဲ့ မိုက်ခရိုဝေ့ဖ်ထဲထည့်တဲ့ အခါတွေမှာ သူက အဲဒီ ဒိုင်အောက်ဆင်တွေ ထွက်လာတယ်။ မီးရှို့တဲ့ အခါ လည်း ဒိုင်အောက်ဆင်တွေ ထွက်လာတယ်။ ပလပ်စတစ်အိတ်ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အပူပေးလိုက်ရင်၊ ဒါမှမဟုတ် မိုက်ခရိုဝေဖ့်လို ယူဗီလိုနဲ့ အပူပေးရင် ထွက်လာတာ။ မိုက်ခရိုဝေဖ့်က အပူပေးတာလေ။ ယူဗီကလည်း သူက တိုက်ရိုက် ဓာတ်ပြုတာလေ။ သူက ကက်တလစ်တစ် ဓာတ်ပြုတာတွေ ဖြစ်နိုင်တယ်။

ပလပ်စတစ်နဲ့လုပ်ထားတဲ့ ရေသန့်ဗူးတွေ ဆိုလည်း မြန်မာပြည်မှာ နေရောင်ထဲမှာပဲ ထားကြတယ်လေ။ အဲဒါကို သောက်ကြတာပဲ။ နေရောင်ထဲမှာ ထားပြီး ဒါကို တာရှည်သုံးစွဲရင် ဒိုင်အောက်ဆင်တွေက တဖြည်းဖြည်းနဲ့ ထွက်လာ တာပေါ့။ အဲဒါတွေ ပြဿနာ ရှိနိုင်တယ်”

ပလပ်စတစ်ကို နေရာတကာမှာ အလွယ်သုံးနေကြသူတွေအတွက် ဒိုင်အောက်စင် (Dioxins) လို့ ခေါ်တဲ့ ကင်ဆာဖြစ် စေတဲ့ ကာဆီနိုဂျင်းနစ် (carcinogenic toxins) အဆိပ်အတောက်ဖြစ်နိုင် တာကို သတိရှိကြဖို့နဲ့ အလွယ်တကူ ဝယ်ယူလို့ ရတဲ့ ဆိုးဆေးတွေကို အစားအသောက်တွေမှာ မသုံးကြဖို့ သတိပေးရင်း ဒီသီတင်းပါတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍ ကို ဒီမှာပဲ ရပ်နားလိုက်ပါ ရစေ။ နောက်တပါတ်မှာ ပြန်ပြီး ဆုံကြအုံးမယ်နော်။