ပိုလန် - မြန်မာ ဒီမိုကရေစီ အတွေ့အကြုံ နှီးနှော

တပါတီ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ ပိုလန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ အတွေ့အကြုံ နှီးနှော ဖလှယ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတခု ရန်ကုန်မြို့မှာ ကျင်းပနေပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွင်း မီဒီယာ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပညာတတ် လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ ပိုလန်နိုင်ငံက ကျွမ်းကျင်သူတွေက ဆွေးနွေး တင်ပြခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲ အကြောင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ပိုလန်နိုင်ငံဟာ အရှေ့ဥရောပတိုက်ကြီး တခုလုံး ကွန်မြူနစ်စနစ်အောက် ရောက်ရှိနေရာကနေ Solidarity Movement လို့ခေါ်တဲ့ အလုပ်သမား လှုပ်ရှားမှုကြီးကတဆင့် ဒီမိုကရေစီစနစ်ဘက်ကို အသွင်ကူးပြောင်းလာတဲ့ ပထမဦးဆုံး နိုင်ငံဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ သူတို့ အတွေ့အကြုံတွေကို ဖလှယ်ပြီး အတတ်နိုင်ဆုံး ကူညီ လုပ်ဆောင်ပေးလိုတဲ့ အကြောင်း ပိုလန်နိုင်ငံခြားရေး ဝန်ကြီး Rodoslaw Sikorski က မြန်မာနိုင်ငံမှာ ရောက်ရှိနေစဉ်အတွင်း ပြောကြားခဲ့တဲ့အတိုင်း ဒီအလုပ်ရုံဆွေးနွေးပွဲကို သူမပြန်ခင် မေလ ၁၀ ရက်နေ့မှာ စတင် ဖွင့်လှစ်ပေးသွားခဲ့တာပါ။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ သူတို့နိုင်ငံမှာ ကြုံတွေ့ ရင်ဆိုင်ခဲ့ရတာတွေနဲ့ နှိုင်းယှဉ်ပြီး လိုအပ်ချက်တွေကို Democracy – Lesson Learned ‘လေ့လာစရာ ဒီမိုကရေစီသင်ခန်းစာများ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေး တင်ပြနေတဲ့ အကြောင်းကိုတော့ ဒီအလုပ်ရုံဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်နေတဲ့ NLD ပါတီက ထုတ်ဝေနေတဲ့ ဒီလှိုင်းဂျာနယ် အယ်ဒီတာ မစိုးပပလှိုင်က ပြောပြပါတယ်။

“သူတို့က အဓိက ဘာကိုရှင်းတာလဲဆိုတော့ ဒီမိုကရေစီသွားတဲ့ ကာလမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍပေါ့နော်၊ နောက် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ၊ နောက်ပြီးတော့ ဘာပြောသွားလဲဆိုတော့ Academic culture လို့ခေါ်တဲ့ ပညာတတ်ပေါ့နော်၊ လူငယ်တွေကို ပိုပြီးတော့ ပညာကို၊ အဓိကအနေနဲ့ ဗဟုသုတတွေကို ပိုပြီးတော့ လေ့လာနိုင်ကြတာပေါ့နော်။ အဲဒီလို ပညာ ဗဟုသုတတွေ ပြည့်ဝမှသာလျင် ဒီမိုကရေစီသွားတဲ့ လမ်းကြောင်းမှာ ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ချောချောမွေ့မွေ့ ဖြစ်မယ်ပေါ့။ သူတို့က အဲဒါကို ဦးစားပေးပြီးတော့ ရှင်းတယ်။ အထောက်အကူ ဖြစ်ပါတယ်ရှင့်။ ပြီးတော့ သူတို့က ပညာဆိုရင် education ထက် knowledge လေးပေါ့နော်။ ကျောင်းကသင်တဲ့ဟာထက် အပြင်မှာ ကိုယ့်ဘာသာကိုယ် knowledge တွေ လေ့လာပေါ့။ အဲဒါတွေကလည်း ဒီလို ဒီမိုကရေစီသွားတဲ့ လမ်းကြောင်းမှာ အထောက်အကူ ဖြစ်ပါတယ်ပေါ့။ သူက အဲဒီလို ပြောသွားတယ်။”

ဒီအလုပ်ရုံ ဆွေးနွေးပွဲကိုတော့ သင်တန်းဆန်ဆန် ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်းကို သွားကြတဲ့ ရည်မှန်းချက်ချင်း တူပေမဲ့လည်း ပိုလန်နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက မြန်မာနိုင်ငံက အနေအထားနဲ့ အနည်းငယ် ကွာခြားမှုတော့ ရှိတယ်လို့ မစိုးပပလှိုင်က ပြောပါတယ်။

“နည်းနည်းတော့ ကွဲတာပေါ့နော်။ ရည်မှန်းချက်ကတော့ တူတယ်လေ၊ သူက အကုန်လုံးက ဒီမိုကရေစီကို သွားကြတာပဲဆိုတော့။ ဒါပေမဲ့ ရုန်းကန်လှုပ်ရှားရတဲ့ပုံချင်း၊ ကြုံတွေ့ရတာတွေနဲ့ကတော့ ကွဲပြားမှု ရှိပါတယ်။ အဲဒီအခါကျတော့ သူတို့က ကျမတို့ကို သူတို့ရဲ့ အတွေ့အကြုံတွေကို လာပြီးတော့ ရှင်းလင်းပြီးတော့ ကျမတို့ တကယ်လို့ ဒီလို အခက်အခဲမျိုး ကြုံလာခဲ့ရင် ဒီလိုမျိုး ဖြေရှင်းနိုင်အောင်ပေါ့။ သူတို့ကတော့ ဒီလိုဖြေရှင်းခဲ့ပါတယ် ဆိုပြီး လာသင်ပေးတာ ဆိုတော့ နည်းနည်းတော့ ကွဲပြားမှုရှိတယ်ရှင့်။”

ဒီအလုပ်ရုံဆွေးနွေးပွဲ သင်တန်းကို ဒေါ်အောင်ဆန်းစုကြည် ိုယ်တိုင်လည်း တက်ရောက် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲ သင်တန်းကို မေလ ၁၀ ရက်နေ့က ၁၄ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပနေတာဖြစ်ပြီး သတင်းသမားတွေ၊ လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ လွှတ်တော်အမတ်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ စတဲ့ အလွှာစုံက ကိုယ်စားလှယ်ပေါင်း ၂၅ ဦးလောက် တက်ရောက်ကြတယ်လို့ သိရပါတယ်။

ပိုလန်နိုင်ငံဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး Rodoslaw Sikorski ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦး၊ ပိုလန်တက္ကသိုလ်က ပါမောက္ခတွေနဲ့ တခြား ပညာရှင်တွေ တက်ရောက် ဆွေးနွေး ပို့ချပေးနေတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ပိုလန်နိုင်ငံရဲ့ သမ္မတဟောင်းလည်းဖြစ်၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ Lech Walesa ဟာလည်း မြန်မာနိုင်ငံကို မကြာခင် သွားရောက် လည်ပတ်ဖို့ ရှိတယ်လို့ သိရပါတယ်။