အခုသီတင်းပတ် အစောပိုင်းက ပိုလန်နိုင်ငံကို ရောက်လာတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တချို့ကို ပိုလန်အစိုးရက စနေနေ့မှာ အခမ်းအနားနဲ့ တရားဝင် ကြိုဆိုခဲ့ပါတယ်။ ဒါဟာ ဒေသတွင်း ရုရှားအစိုးရရဲ့ ကျူးကျော် ရန်လိုတဲ့ လုပ်ရပ်တွေကို ဟန့်တားဖို့အတွက် နေတိုး မဟာမိတ်အဖွဲ့ရဲ့ အစိတ်အပိုင်းတခုအဖြစ်နဲ့ အမေရိကန်တပ်ဖွဲ့တွေကို အခုလို စေလွတ်လိုက်တာ ဖြစ်ပါတယ်။
ပိုလန်နိုင်ငံအနောက်ပိုင်း Zagan မြို့မှာ ကျင်းပတဲ့ အဲဒီ ကြိုဆိုပွဲ အခမ်းအနားကို ပိုလန် ဝန်ကြီးချုပ် Beata Szydlo နဲ့ ကာကွယ်ရေးဝန်ကြီး Antoni Macierezicz တို့လည်း တက်ရောက်ခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ အခုလို ရောက်လာတာဟာ ပိုလန်နိုင်ငံနဲ့ ဒေသတွင်း လုံခြုံရေးအတွက် မှန်ကန်တဲ့ နောက်ထပ် ခြေလှမ်းတရပ်ဖြစ်ကြောင်း ဝန်ကြီးချုပ် Szydlo က ပြောကြားလိုက်ပြီး စစ်သားတွေအနေနဲ့လည်း ကိုယ့်အိမ်လို သဘောထား နေကြဖို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ပထမအသုတ်ဖြစ်တဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ဂျာမနီနိုင်ငံကနေ ကြာသပတေးနေ့မှာ ရောက်လာကြတာ ဖြစ်ပြီး အဲဒီလို ရောက်လာတာဟာ ရုရှားနိုင်ငံအတွက် ခြိမ်းချောက်မှုဖြစ်သလို သူတို့ရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးစကို ထိခိုက်စေတယ်လို့ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ပိုလန်နိုင်ငံမှာ စုစုပေါင်း တပ်ဖွဲ့ဝင် ၃,၀၀၀ လောက် ချထားဖို့ စီစဉ်ထားတာကြောင့် ဒါဟာ စစ်အေးခေတ် ပြီးဆုံးသွားပြီးတဲ့နောက်ပိုင်း ပိုလန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ အများဆုံး ထားရှိခြင်းလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5