ဖာဂူဆန်နှစ်ပတ်လည်မှာ ပစ်ခတ်မှုုဖြစ်

Ferguson မြို့တွင်းဆန္ဒပြနေစဉ် ပစ်ခတ်မှုဖြစ်သံကြောင့် အကာကွယ်ယူနေကြတဲ့ ကန့်ကွက်ဆန္ဒပြသူများ

Ferguson မြို့တွင်းဆန္ဒပြနေစဉ် ပစ်ခတ်မှုဖြစ်သံကြောင့် အကာကွယ်ယူနေကြတဲ့ ကန့်ကွက်ဆန္ဒပြသူများ

Missouri ပြည်နယ် Ferguson မြို့မှာ ရဲကို သေနတ်နဲ့ပစ်ခတ်သူ အမျိုးသားတဦးဟာ ရဲတွေကပြန်ပစ်တဲ့ သေနတ်ဒဏ်ရာနဲ့ စိုးရိမ်စရာ အခြေနေမှာ ရှိနေပါတယ်။ လူဖြူရဲအရာရှိတဦးက လက်နက်မဲ့ ဆယ်ကျော်သက်လူမည်းတဦးကို သေနတ်နဲ့ ပစ်ခတ်သေဆုံးမှု ဖြစ်ပွါးခဲ့တဲ့ တနှစ်မြောက် နှစ်ပတ်လည် လူထုချီတက်ဆန္ဒပြပွဲ ငြိမ်းငြိမ်းချမ်းချမ်း ပြုလုပ်တဲ့နေ့မှာပဲ တနေရာမှာ ရဲနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီလူမှာ လက်နက်ပါမယ်လို့ စိုးရိမ်ပြီး တနင်္ဂနွေနေ့ညပိုင်းမှာ အရပ်ဝတ်ရဲထောက်လှမ်းရေးတွေက နောက်ယောင်ခံလိုက်ပြီး စောင့်ကြည့် နေကြချိန်မှာပဲ သူဟာ လူအုပ်စု ၂ စု ကြား သေနတ်နဲ့ အချက်လေးငါးဆယ် အပြန်အလှန်ပစ်ခတ်ပြီး ရဲကားကိုပါ အချက်ပေါင်းများစွာ ပစ်ခတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တာ တွေ့ရတယ်လို့St. Louis ရဲချုပ် Jon Belmar ကပြောပါတယ်။

ထောက်လှမ်းရေး ၄ ယောက်စလုံးကလည်းကားထဲကနေ ပြန်လှန်ပစ်ခတ်ခဲ့တဲ့အပြင် သူ့နောက်ကို ခြေလျင်လိုက်ပြီး ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အခု အပြန်အလှန်ပစ်ခတ်ခဲ့တဲ့ အဖွဲ့ ၂ ဖွဲ့က လူတွေဟာ ရာဇဝတ်ကောင်တွေဖြစ်သလို သူတို့ဟာနှစ်ပတ်လည် ဆန္ဒထုတ်ဖေါ် ကြသူတွေနဲ့ ပတ်သက်မှု မရှိကြောင်းနဲ့ ဒီအကြမ်းဖက်မှုဟာ အပြုသဘောဆောင် ပြောင်းလဲနေမှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့လည်း ရဲချုပ် Belmar က ပြောပါတယ်။ ဖာဂူဆန်ဒေသခံ အများအပြားဟာ အကြမ်းဖက်မှုတွေကို ရှောင်ရှားနိုင်အောင် ကြိုးစားနေကြသလို ဒီအကြမ်းဖက်မှုတွေဟာ ရှောင်လို့ ရမယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

ဒဏ်ရာရသူဟာ အသက် ၁၈ နှစ်အရွယ် Tyrone Harris Jr. ဖြစ်ပြီး မနှစ်က ရဲပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ Michael Brown နဲ့ ရင်းနှီးသူဖြစ်ကြောင်း သူ့ဖခင်ရဲ့ပြောကြားချက်ကို St. Louis Post သတင်းမှာ ဖော်ပြထားပါတယ်။