ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုဘဏ်နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်တဲ့သတင်းဟာ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဦးစားပေးသတင်းဖြစ်ခဲ့တာ တွေ့ရပါတယ်။ မြန်မာ့စီးပွါးရေးလောကနဲ့ ကုန်သည်လုပ်ငန်းရှင်များကြားမှာလည်း လှုပ်ခတ်သွားကာ ဒေါ်လာဈေးကလည်း ကျပ် ၃,၁၀၀ ကျော်သွားပါတယ်။
ဒီအကြောင်းကို ဇွန် ၂၇ ရက်နေ့မှာ Nikkei Asia က မြန်မာစစ်ကောင်စီရဲ့ ဝင်ရောက်ထိန်းချုပ်မှုကြောင့် ငွေကြေးလဲလှယ်နှုန်း သုံးမျိုးဖြစ်လာနိုင်တယ်လို့ ရေးပါတယ်။ လောင်စာဆီပြတ်လပ်မှာကို စိုးရိမ်နေတဲ့ မြန်မာစစ်ကောင်စီဟာ ဒေါ်လာငွေကြးရောင်းဝယ်သူတွေကို ဝင်ရောက်ဖမ်းဆီးပြီး ဈေးကွက်ကိုထိန်းချုပ်ဖို့လုပ်ဆောင်တာတွေ့ရတယ်။ ဒီလိုလုပ်တဲ့အတွက် ဒေါ်လာငွေရောင်းဝယ်တဲ့ နောက်ထပ်ငွေကြေးဈေးကွက်တစ်ခု၊နောက်ထပ်ဈေးနှုန်းတစ်ခု ထပ်မံပေါ်ပေါက်လာနိုင်တယ်။ လက်ရှိမှာကို ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ဈေးနှုံးနဲ့ ဈေးကွက်ပေါက်ဈေးဟာ ကွာဟနေတယ်။ ၂၀၂၂၊ ဩဂုတ်လမှာ ဗဟိုဘဏ်က တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်နှုန်းသတ်မှတ်ထားခဲ့ပေမယ်လို လောလောဆယ်မှာ ဈေးကွက်ပေါက်ဈေးက တစ်ဒေါ်လာကို ၃,၀၀၀ ကျပ်ဖြစ်နေတယ်။ စစ်ကောင်စီဟာ ဒေါ်လာငွေကြေးဈေးကွက်ကို ဝင်ရောက်ထိန်းချုပ်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းနေတာကို ကျားကန်ပေးဖို့ကြိုးစားနေတယ်။ ဒါဟာ ကျပ်ငွေတန်ဖိုး ပိုပြီး အားပျော့လာနေတယ်ဆိုတာကို ပြသနေတယ်။ လက်ရှိအချိန်မှာ သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်း မရှိသေးတာကတော့ စစ်ကောင်စီဗဟိုဘဏ်အနေနဲ့ ပုဂ္ဂလိက ဘဏ်တွေကို အသုံးပြုပြီးတော့ နိုင်ငံခြားငွေကြေးလဲလှယ်မှု လမ်းကြောင်းသစ်တစ်ခု လုပ်လာမလားဆိုတာပါပဲ။ ဒီလိုဖြစ်လာမလားဆိုတာကတော့ နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတဲ့အပေါ် မူတည်နေသလို နောက်ထပ် ငွေလဲလှယ်နှုန်းသစ်တစ်ခုနဲ့ မှောင်ခိုဈေးကွက်တစ်ခုလည်း ပေါ်ပေါက်နိုင်တယ်လို့ Nikkei Asia က ရေးသားထားပါတယ်။
အမေရိကန်အစိုးရအနေနဲ့ စီးပွါးရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ အရေးယူမှုတွေလုပ်တာဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သားအစိုးရထံက တရားမဝင်အာဏာသိမ်းထားတဲ့ စစ်ကောင်စီအုပ်ချုပ်ရေး အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက်ပါ။ ထို့အတူ အခု လောလောဆယ်မှာ ကျေးရွာတွေနဲ့ တိုင်းရင်းသားဒေသတွေကို ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ရပ်တန့်သွားစေဖို့၊ စစ်ကောင်စီရဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်စေဖို့၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းရဲ့ တောင်းဆိုမှုတွေကို လိုက်နာအကောင်အထည်ဖော်စေဖို့အတွက် စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုလို MFTB နဲ့ MICB ဘဏ် ၂ ခုကို အမေရိအန်က ဒဏ်ခတ်အရေးယူတာနဲ့ပတ်သက်ပြီး ဘယ်လို အကျိုးသက်ရောက်မှုတွေရှိနိုင်သလဲဆိုတာကို အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်တဲ့ Myanmar Policy Institute ရဲ့ ဥက္ကဋ္ဌ ဇော်တူးဆိုင်းက အခုလိုပြောပါတယ်။
"စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ရယ်၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနရယ်ကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့လိုက်တာက တော်တော့်ကိုထိရောက်တယ်လို့ ပြောရမှာပေါ့နော်။ ဒီလိုဒဏ်ခတ်လိုက်တာဟာ စစ်ကောင်စီ အရှိုက်ကို ထိုးလိုက်သလို ကျွန်တော်တော့ မြင်တာပေါ့။ ဘာလို့လဲဆိုတော့ ဒီဘဏ်တွေကပဲ စစ်ကောင်စီရဲ့ လက်နက်ပစ္စည်းဝယ်တာတွေ၊ နိုင်ငံခြားငွေသုံးစွဲတာတွေကို အဆင်ပြေချောမွေ့အောင် လုပ်ပေးနေတာပေါ့နော်။ ဒီလို အရေးယူလိုက်တာက တစ်နိုင်ငံလုံးတော့ ထိတာပေါ့။ ဥပမာ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေ သူတို့အိမ်၊ သူတို့မိသားစုတွေဆီပြန်ပို့တာမျိုးတော့ နည်းနည်းထိခိုက်နိုင်တယ်။ ဒါပေမဲ့ အဓိကကတော့ စစ်ကောင်စီကိုထိခိုက်နိုင်တယ်။ ဘာလို့လည်းဆိုတော့ လက်နက်ဝယ်တာတွေ၊ ဗုံးကြဲတာတွေ၊ လေယာဉ်ဆီတင်တာတွေကန့်သတ်သွားမယ်ဆိုတော့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ကြည့်ရင်တော့ ခြေလှမ်းတစ်လှမ်းတက်နိုင်တယ်လို့ပြောရမှာပေါ့”
ကမ္ဘာ့ဘဏ်ကလည်း Myanmar Economic Monitor, June 2023 ကို ဇွန် ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။"ပြန်လည်နာလံထူနိုင်မယ့်အခြေအနေမရှိ”လို့ နာမည်ပေးထားတဲ့ မြန်မာ့စီးပွါးရေးစောင့်ကြည့်အစီရင်ခံစာမှာ မြန်မာ့စီးပွါးရေးဟာ၂၀၂၃ ပထမခြောက်လအတွင်းမှာ ငြိမ်နေခဲ့ပေမဲ့ အိမ်ထောင်စုတွေဝင်ငွေကျဆင်းနေတာ၊ စားနပ်ရိက္ခာ ပြတ်လပ်မှာကို စိုးရိမ်နေရတာ စတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေတယ်။ GDP ဟာ ၃ ရာခိုင်နှုန်းတိုးတက်မယ်ခန့်မှန်းထားပေမဲ့ ဒါဟာ ၂၀၁၉ နဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်း လျှော့နည်းနေသေးတယ်။ ငွေကြေးဖောင်းပွမှုက ၁၄ ရာခိုင်နှုန်းရှိတယ်။ ငွေကြေးဖောင်းပွမှု၊ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ပိုဆိုးလာတဲ့ ပဋိပက္ခတွေက စီးပွါးရေးအခြေအနေတွေကို ပိုဆိုးရွားလာစေနိုင်တယ်။ မိုခါဆိုင်ကလုန်းမုန်တိုင်းရဲ့ ဖျက်ဆီးမှုဟာလည်း နဂိုကတည်းက လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ ပြည်နယ်နဲ့တိုင်းဒေသတချို့ရဲ့ အခြေအနေတွေကို ပိုဆိုးသွားစေခဲ့တယ်။ ကုန်ဈေးနှုန်းတွေက ဆက်လက်လက်မြင့်တက်နေပြီး မတည်ငြိမ်မှုတွေဟာ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိမှုတွေအပေါ်မှာ ကြီးမားစွာ အကျိုးသက်ရောက်မှုတွေရှိနေတယ်။ လယ်သမားမိသားစုတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ အစားအစာမလုံလောက်မယ့် အနေအထားကို ရင်ဆိုင်ရမယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာကို ကိုးကားပြီး relief website မှာဖော်ပြထားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုဆိုင်ရာ ဒါရိုက်တာ Mariam Sherman ကလည်း "မြန်မာနိုင်ငံမှာ ပြန်လည်ပြီးတော့ စီးပွါးရေးတိုးတက်လာအောင် လုပ်ဆောင်နေပေမယ်လို့ မညီမျှမှုနဲ့ ဆင်းရဲချမ်းသာကွာဟမှုက ပိုကြီးမားလာကာ အဲဒီအကျိုးသက်ရောက်မှုတွေကို ဆင်းရဲသူတွေ ပိုမိုခံစားရမယ်”လို့ မှတ်ချက်ပေးပြောဆိုပါတယ်။
လက်ရှိကြုံတွေ့နေရတဲ့ မြန်မာ့စီးပွါးရေးအပေါ် ရိုက်ခတ်မှုတွေဟာ နိုင်ငံရေးအကျပ်အတည်းကြောင့်ဖြစ်ရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေလို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာကဆိုပါတယ်။ ဒီလိုဆိုရင် နိုင်ငံရေး အကျပ်အတည်းကို အရင်ဖြေရှင်းဖို့လိုအပ်မှာဖြစ်ပါတယ်။ ဇွန်လ ၂၁ ရက် ဗွီအိုအေ သတင်းတစ်ပုဒ်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းက ရုန်းထွက်နိုင်တဲ့ စီမံချက်မျိုး မြန်မာစစ်တပ်မှာ မရှိဘူးလို့
မြန်မာ့အရေးလေ့လာသုံးသပ်သူတွေကဆိုတဲ့အကြောင်း ဖော်ပြထားတာတွေ့ပါတယ်။ အဲဒီသတင်းမှာပဲ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် အစောပိုင်း၊ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းဘက်က အစီအစဉ်တွေ စတင်လုပ်ဆောင်တဲ့အချိန်၊ အကျပ်အတည်းက ပြန်ထွက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိခဲ့ပေမယ့် မြန်မာ စစ်တပ်ဘက်က ရယူခြင်းမရှိဘူးလို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ David Mathieson က သုံးသပ်ချက်ပေးသလို မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းကလည်း မြန်မာစစ်တပ်ဘက်က အဆက်အစပ်ရှိရှိ သံတမန်ရေးအရ အစီအစဉ်ဆွဲတာမျိုး၊ မဟာဗျုဟာတစ်ရပ် ချမှတ်လုပ်ကိုင်တာမျိုး မတွေ့ရတဲ့အကြောင်းနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ နေ့စဉ်ဖြစ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်တာမျိုးပဲ တွေ့နေရတဲ့အကြောင်း မှတ်ချက်ချက်ပေးပြောဆိုပါတယ်။