၂၀၂၄ တနှစ်တာ အကျဉ်းထောင်ထဲက လူ့အခွင့်အရေးချိုးဖောက်မှုများ

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၂၀၂၄ အစီရင်ခံစာ

စစ်အာဏာသိမ်းခံထားရတဲ့မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ဥပဒေမဲ့သတ်ဖြတ်ခံရသူ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး(၁)ဦး၊ အမျိုးသား(၈)ဦး၊ စုစုပေါင်း(၉)ဦးအထိ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့ကနေစပြ ီး ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ တစ်နှစ်တာအတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ စစ်ကောင်စီအုပ်ချုပ်မှုအောက်က အကျဉ်းဦးစီးဌာနရဲ့ နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မကြာခင်မှာအချိန်ပိုင်းမှာပဲ ၂၀၂၄ နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကူးပြောင်းတော့မယ့်အချိန် ဒီဇင်ဘာ(၃၁)မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း အကျဉ်းထောင်တွေထဲ ဖမ်းဆီးခံထားရချိန် ထောင်တွင်းကျန်းမာရေး ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိလို့ သေဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားက အမျိုးသမီး(၃)ဦး၊အမျိုးသား(၁၈)ဦး၊ LGBT(၁)ဦး၊ စုစုပေါင်း(၂၂)ဦးရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ အနည်းဆုံး(၁၄၈)ဦးကို အကျဉ်းထောင်တွေထဲ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ အခြားရာဇဝတ်အကျဉ်းသားတွေက ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ပါတယ်။

ဒ့ါအပြင် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ(၇၆)ဦး အကျဉ်းထောင်တွင်းညှဉ်းပမ်းနှိပ်စက်ခံရတဲ့အပြင် တိုက်ပိတ်ပြစ်ဒဏ်များကိုပါ ခံခဲ့ကြရသလို ထောင်ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသား (၃၀၅၄)ဦးထဲတွင် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ( ၁၇၈၃)ဦးဟာ မိသားစုနဲ့ ဝေးကွာသည့် အကျဉ်းထောင်တွေဆိကို ထောင်ပြောင်းရွေ့ခံခဲ့ကြရပါတယ်။ နိုင်ငံရေးအကျဉ်းသူ အနည်းဆုံး (၃၅)ဦးဟာလည်း ကလေးငယ်လေးတွေနဲ့ အတူ ထောင်တွင်းမှာ အကျဉ်းချခံထားရပါတယ်။

အခုချိန်အထိ နိုင်ငံတဝန်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားတွေကို ဥပဒေမဲ့ဖမ်းဆီးချိန်ကစလို့ စစ်ကြောရေးစခန်းတွေ၊ အကျဉ်းထောင်၊ အချုပ်ထောင်တွေမှာ လူ့ဂုဏ်သိက္ခာကို ညိုးနွမ်းထိခိုက်စေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေဆဲပဲဆိုတာကို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။ ၂၀၂၄ ခုနှစ် ပြည်သူသို့ နှစ်ကုန်အစီရင်ခံစာဟာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ချိတ်ဆက်ရရှိထားသည့် နိုင်ငံတဝန်းရှိ အကျဉ်းထောင် (၄၁)ထောင်မှ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အစီရင်ခံစာဖြစ်ပြ ီး တကယ့် မြေပြင်တွင် ဒီ့ထက်ပိုပြီး အရေအတွက်များပြားနိုင်ပါတယ်လို့ တင်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားအရေးလှုပ်ရှားတဲ့အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေဟာ ချဲ့ကားထားတာသာဖြစ်တယ်ဆိုတာကို တုန့်ပြန်လေ့ရှိပါတယ်။