ဘာသာရေး သင့်မြတ်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး ဘန်းနဲနစ် (Pope Benedict)။

ပြဿနာတွေ ကြုံနေရတဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ ငြိမ်းချမ်းရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်အတွက် လက်ဘနွန် နိုင်ငံဟာ စံနမူနာ တခုအဖြစ် ပြသဖို့ ပုပ်ရဟန်းမင်းကြီး ဘန်းနဲဒစ် (Benedict) က တိုက်တွန်းလိုက်ပါတယ်။ ရိုမန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး စနေနေ့က ကြွလာတဲ့ Beirut မြို့မှာတော့ လူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး သမ္မတ နန်းတော်မှာ လက်ဘနွန် အစိုးရ တာဝန်ရှိသူတွေ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

လက်ဘနွန်မှာ ရှိကြတဲ့ ခရစ်ယာန်နဲ့ မူစလင်တွေဟာ ရာစုနှစ်တွေနဲ့ချီပြီး အတူတကွ ယှဉ်တွဲ နေထိုင်လာခဲ့ကြသလို၊ တချို့မိသားစုတွေမှာ ဆိုရင်လည်း ဘာသာ ၂ မျိုးစလုံးကို ကိုးကွယ်ကြသူတွေတောင် ရှိတယ်လို့ ရဟန်းမင်းကြီးက မိန့်ခဲ့ပါတယ်။ ဒီလိုမျိုး မိသားစု တစုမှာတောင် ဖြစ်နိုင်တယ်ဆိုရင် လူ့အသိုင်းအဝိုင်း တခုလုံးမှာရော ဘာကြောင့် မဖြစ်နိုင်ရမှာလဲလို့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

တွေ့ဆုံမှုမှာ ပါဝင်သူ လက်ဘနွန် ခေါင်းဆောင် တယောက်ဖြစ်တဲ့ Sheikh Mohammad Rachid Qabbani ကတော့ ရဟန်းမင်းကြီးကို စာတစောင် ပေးအပ်ခဲ့ပြီး ဒီအထဲမှာတော့ ခရစ်ယာန် တယောက်ကို တိုက်ခိုက်တယ်ဆိုရင် မူစလင် တယောက်ကို တိုက်ခိုက်သလို သဘောထားမှာ ဖြစ်တယ်လို့ ဖော်ပြထားတာပါ။

စနေနေ့နှောင်းပိုင်း လူငယ်တွေကို တရားဟောရာမှာတော့ ဆီးရီးယား လူငယ်တွေအပေါ် ဂရုဏာ ဖြစ်မိတဲ့အကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့သလို၊ သူတို့ရဲ့ ရဲစွမ်းသတ္တိကို လေးစားသလို၊ အခုအခါ ခရစ်ယာန်နဲ့ မူစလင် အတူလက်တွဲပြီး အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေကို အဆုံးသတ်ရမယ့် အချိန် တန်နေပြီလို့လည်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။