ရိုမန် ကက်သလစ် ကျောင်းတော်ကို တုန်လှုပ်စေခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါစော်ကားမှု အရှုပ်တော်ပုံတွေ အတွက် ဘုရားသခင် ခွင့်လွှတ်ဖို့ ပုပ်ရဟန်းမင်းကြီး Francis က တောင်းပန်ခဲ့ပါတယ်။ ဒီအရှုပ်တော်ပုံတွေဟာ ရုပ်ပိုင်း စိတ်ပိုင်းထိခိုက်မှုဖြစ်ပြီး အမှန်တရားနဲ့ တရားမျှတမှု အတွက် တိကျခိုင်မာတဲ့ ဆောင်ရွက်ချက်တွေ လိုအပ်တယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့မှာဘဲ အိုင်ယာလန် နိုင်ငံ Knock က သာသနာ့ဗိမာန်မှာ ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့တာပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း အိုင်ယာလန် နိုင်ငံမှာ လက်မထပ်ဘဲ မွေးဖွားလာတဲ့ ကလေးတွေကို မိခင်တွေထံကနေ ယူပြီး မွေးစားဖို့ ကလေးတွေ အဖြစ် ခေါ်ယူခဲ့တဲ့ ကက်သလစ် ဘုရားကျောင်းတွေက စီမံတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ် အပေါ်မှာလည်း ပုပ်ရဟန်းမင်းကြီး Francis က ဝေဖန်ခဲ့ပါတယ်။အပြစ်မဲ့ ကလေးငယ်တွေကို လုယက်တဲ့ လုပ်ရပ်ဟာဆိုရင် ကလေးတွေကို ခိုကိုးရာမဲ့ ဖြစ်စေသလို နာကျင်ခံစားရစေတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။ ခရစ်ယာန်ဂိုဏ်းချုပ် Carlo Maira Vigano က အမေရိကန် ပြည်ထောင်စု National Catholic Register သတင်းစာမှာ ပေးစာတစောင် ရေးသား ဖော်ပြလိုက်ချိန်မှာဘဲ ပုပ်ရဟန်း မင်းကြီး Francis ရဲ့ ခွင့်လွှတ်ဖို့ ပန်ကြားချက် ထွက်ပေါ်လာတာပါ။
အမေရိကန်ဆိုင်ရာ ဗာတီကန် သံတမန်ဟောင်း Vigano ရဲ့ စာမျက်နှာ ၁၁ မျက်နှာပါ ပေးစာမှာတော့ ပုပ်ရဟန်းမင်းကြီး Francis နဲ့ တခြား ဗာတီကန် ကျောင်းတော်က တာဝန်ရှိသူတွေဟာ အမေရိကန် ရဟန်းမင်းအမတ် Theodore McCarrick ရဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူမှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို လစ်လျူရှုခဲ့တယ်လို့ ဖော်ပြထားတာပါ။ အမေရိကန် ကာဒီနယ် Theodore McCarrick ကိုတော့ စုံစမ်းစစ်ဆေးမှု အတွင်း ကလေးတဦးကို မတော်မတရား ပြုလုပ်ခဲ့မှု ယုံကြည်ရလောက်တဲ့ အထိ ပေါ်ပေါက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ လက ဖိအားပေး ခံခဲ့ရပြီးနောက် နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
McCarrick ရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခဲ့မှု စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ၂၀၁၃ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး Francis ကို ပြောဆိုခဲ့ပေမယ့်လည်း ပုပ်ရဟန်းမင်းကြီးက McCarrick အပေါ် ပုပ်ရဟန်းမင်းကြီး Benedict ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ပြန်ပြီး ရုပ်သိမ်းပေးခဲ့တယ်လို့လည်း Vigano က ပြောဆိုလိုက်ပါတယ်။
Your browser doesn’t support HTML5