ကန်သမ္မတတံတိုင်းကာရေး ပုပ်ရဟန်းဝေဖန်

ပနားမားနိုင်ငံကို ကမ္ဘာ့လူငယ်များနေ့ အစီအစဉ်နဲ့ရောက်နေတဲ့ Pope Francis က Las Garzas Pacora အကျဉ်းထောင်ထဲက လူငယ်တွေရဲ့ အာပတ်ဖြေဝန်ခံချက်တွေကို နားထောင်ပေးနေစဉ်။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)

ကမ္ဘာ့လူငယ်များနေ့ အခမ်းအနားအစီအစဉ်တခုအဖြစ် ပနားမားနိုင်ငံမှာ ရောက်နေတဲ့ ကက်သလစ် သာသာနာ ပိုင် ပုပ်ရဟန်းမင်းကြီး Francis က အမေရိကန်နဲ့ မက္ကစီကို နယ်စပ်မှာ တံတိုင်းကာဖို့ တလျှောက်လုံး ပြောဆို နေတဲ့ သမ္မတ Donald Trump အပေါ် ဝေဖန်လိုက်ပါတယ်။

ဒီလိုအပြုအမူမျိုးဟာ အရာအားလုံးကို ပျက်စီးစေသလို လူ့အဖွဲ့အစည်းမှာ ခွဲခြားဆက်ဆံပြီး ပြဿနာတွေကို လည်း ခွဲခြားဆက်ဆံ ဖြေရှင်းနိုင်တယ်လို့ လူတွေကြားမှာ ထင်မြင်ယူဆသွားနိုင်တဲ့ မမြင်နိုင်တဲ့ တံတိုင်းတခု တည်ဆောက်ရာ ရောက်ကြောင်းလည်း မိန့်ကြားခဲ့တာပါ။ လူ့အဖွဲ့အစည်းနဲ့ လူမှုအသိုင်းအဝန်းတွေကြား ဒီလို လုပ်ရပ်တွေကို စောဒကတက်တာ၊ အပုပ်ချတာကလွဲလို့ ဘာမှမလုပ်ဘဲထားခဲ့မယ်ဆိုရင် သဘောထား ကွဲပြားမှုတွေ၊ အပြစ်တင်တာတွေ၊ ရှုတ်ချပြစ်တင်တာတွေလို မကောင်းတဲ့ သံသရာထဲက ရုန်းထွက်နိုင်မှာ မဟုတ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

ပနားမားနိုင်ငံမှာ ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဒီနေ့မှာတော့ ၄ ရက်နေ့မြောက် အဖြစ် ရာစုနှစ်ပေါင်း များစွာ သက်တမ်းရှိပြီဖြစ်တဲ့ St. Mary Cathedral ကျောင်းတော်မှာ ဝတ်ပြုဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီနေ့မှာပဲ San Jose ကျမ်းစာသင်ကျောင်းက စာသင်သား ဘုန်းတော်ကြီးတွေနဲ့ ပုပ်ရဟန်းမင်းကြီး တွေ့ဆုံဖို့ လည်း စီစဉ်ထားတာပါ။ တွေ့ဆုံချိန်မှာ လူငယ်တွေ ရဟန်းဘောင်ဝင်တဲ့ အရေအတွက် ကျဆင်းလာတဲ့ကိစ္စနဲ့ အကြောင်းရင်းတွေကို ပုပ်ရဟန်းမင်းကြီးက မိန့်ကြားမယ်လို့လည်း မျှော်လင့်ရပါတယ်။ ဒီနောက်မှာတော့ ပနားမားနိုင်ငံ ဂိုဏ်းချုပ်ဆရာတော် Jose Domingo Ulloa နဲ့အတူ ကမ္ဘာ့လူငယ်များနေ့ အခန်းအနား တက်ရောက်လာကြတဲ့ လူငယ် ၁၀ ဦးနဲ့အတူ နေ့လည်စာစားဖို့လည်း စီစဉ်ထားပါတယ်။

မနေ့တုန်းကတော့ ပုပ်ရဟန်းမင်းကြီးဟာ လူငယ်ထိန်းသိမ်းရေး စခန်းတခုကို သွားရောက် လည်ပတ်ခဲ့တဲ့ အတွက် ထိန်းသိမ်းခံလူငယ်တွေလည်း ကမ္ဘာ့လူငယ် များနေ့မှာ ဆင်နွဲှခွင့် ရခဲ့ကြတာပါ။ ထိန်းသိမ်းခံ လူငယ်တွေထဲက ၅ ဦးဟာလည်း ပုပ်ရဟန်းမင်းကြီးထံမှာ အာပတ်ဖြေခဲ့ကြပါတယ်။

လူ့အသိုင်းအဝန်းက လူတွေကို လူဆိုး၊ လူကောင်း၊ အပြစ်ရှိသူ၊ အပြစ်ကင်းသူဆိုပြီး သတ်မှတ်ပြဌာန်းကြတဲ့ အပေါ် စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ လူ့အသိုင်းအဝန်းအနေနဲ့ လူတွေကို ပြောင်းလဲခွင့်ရအောင် အခွင့်အလမ်း တွေ ဖန်တီးပေးဖို့ လိုအပ်ကြောင်းလည်း လူငယ်ထိန်းသိမ်းရေး စခန်းမှာရောက်ရှိစဉ် ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ကန်သမ္မတတံတိုင်းကာရေး ပုပ်ရဟန်းဝေဖန်