ပုပ်ရဟန်းမင်းကြီး အာရှ ၄ နိုင်ငံ ခရီးစဉ်စတင်

အင်ဒိုနီးရှားနိုင်ငံမှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကို ကြိုဆို (Foto: REUTERS/Ajeng Dinar Ulfiana)

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အခုသီတင်းပတ်အတွင်း အာရှဒေသကို သွားရောက်မှာဖြစ်ပြီး ဒါဟာ သူရဲ့ပုပ်ရဟန်းမင်းကြီး သက်တမ်းတလျှောက် အရှည်ကြာဆုံးနဲ့ အဝေးဆုံးသွားတဲ့ ခရီးစဉ်သာ မဟုတ်ဘဲ၊ စိန်ခေါ်မှု အများဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ စက်တင်ဘာ ၂ ရက်ကနေ ၁၃ ရက်နေ့အထိ အင်ဒိုနီးရှား၊ ပါပူအာနယူးဂီနီ၊ အရှေ့တီမောနဲ့ စင်ကာပူနိုင်တွေကို လေယာဉ်နဲ့ သွားရောက်မှာြဖစ်ပြီး မိုင်အားဖြင့် စုစုပေါင်း ၂၀၃၉၀ ရှိမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်က သူအရင်သွားခဲ့တဲ့ နိုင်ငံခြား ခရီးစဉ် ၄၄ ခုထက် အများကြီး ရှည်လျားပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်တွေထဲမှာ အချိန်အားဖြင့်ရော ခရီးအကွာအဝေးအရရော အရှည်ဆုံးခရီးစဉ်တွေထဲက တခု ဖြစ်ပါတယ်။

မူလက ဒီခရီးစဉ်ကို ၂၀၂၀ ခုနှစ်က သွားဖို့စီစဉ်ခဲ့တာြဖစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး၊ အခုမှ ပြန်သွားဖို့လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူနဲ့အတူ သူ့ရဲ့ ဆရာဝန်နဲ့ သူနာပြ ၂ ယောက် အပြင်၊ ကိုယ်ရေးအရာရှိတွေကိုလည်း ဗာတီကန် ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ခေါ်သွားမှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အင်ဒိုနီးရှားနိုင်ငံမှာတော့ ဂျကာတာြမို့လယ်မှာရှိတဲ့ မွတ်စလင်ဗလီရဲ့ အကြီးအကဲ Nasarudding Umar နဲ့ သွားရောက် တွေ့ဆုံပြီး ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာ ၂ ခုကြား တွေဆုံဆွေးနွေးမှုတွေလုပ်ပြီး ပူးတွဲကြေညာချက်တခုကို လက်မှတ်ရေးထိုးသွားဖို့လည်း ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင် ဦးရေ အများဆုံးရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။