အမေရိကန်တွေ ညီညွတ်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး Francis ဟာ အမေရိကန်ပြည်ထောင်စု လွှတ်တော် အဆောက်အဦးမှာ ပထမဦးဆုံး မိန့်ခွန်းပြောဆိုတဲ့ ပုပ်ရဟန်းမင်းကြီးဖြစ်ပါတယ်။

အားလုံးကောင်းမွန်စေဖို့ အတွက် သဘောထား ကွဲလွဲမှုတွေကို ဘေးချိတ်ထားပြီး သိုက်သိုက်ဝန်းဝန်း ညီညီညွတ်ညွတ်နဲ့ စိတ်သဘောထားကြီးကြီးထားပြီးတော့ ပူးပေါင်းလုပ်ဆောင်ကြဖို့ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန် လွှတ်တော် အမတ်တွေကို ပုပ်ရဟန်းမင်းကြီး Francis က ကြာသာပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ရိုမန်ကက်သလစ် ဘာသာဝင်တွေရဲ့ ဦးသျှောင် ပုပ်ရဟန်းမင်းကြီး Francis ဟာ အမေရိကန်ပြည်ထောင်စု လွှတ်တော် အဆောက်အဦးမှာ ပထမဦးဆုံး မိန့်ခွန်းပြောဆိုတဲ့ ပုပ်ရဟန်းမင်းကြီးဖြစ်ပါတယ်။ မိနစ် ၅၀ ကြာ မိန့်ခွန်းပြောဆိုနေ ချိန် အတွင်း နွေးထွေးတဲ့ လက်ခုပ်သြဘာပေးမှုတွေ အကြိမ်ကြိမ် ရှိခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးရဲ့ အမှာစကားပြောဆိုချက်တွေကို အမေရိကန်နိုင်ငံ တဝှမ်းလုံးကြားသိရအောင် ရုပ်သံကနေ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့သလို အစောင့်ရှောက် ထူထပ်စွာ ချထားတဲ့ ဝါရှင်တန်ဒီစီမြို့တော်ရဲ့ အချက်အချာ လွှတ်တော် အဆောက်ဦရဲ့ ဝန်းကျင်မှာရှိနေကြတဲ့ ထောင်ပေါင်းများစွာရှိတဲ့ လူအုပ်ကြီး ကြည့်ရှုနိုင်အောင် ကြီးမားတဲ့ TV ကြီးနဲ့ ပြသခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အလွန် ထိလွယ်ရှလွယ်ဖြစ်တဲ့ ကိစ္စတွေကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အဲဒီ့အထဲမှာ အရှေ့အလယ်ပိုင်းနဲ့ ဥရောပမှာ ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်းနေထိုင်ဖို့ကြိုးစားနေကြတဲ့ ဒုက္ခသည်တွေအရေး၊ ရာသီဥတု ပြောင်းလဲလာမှုနဲ့၊ ရုပ်ဝတ္ထုပစ္စည်းနဲ့ အရင်းရှင်ဝါဒ အလွန်အကျွံ ဖြစ်နေမှု စတာတွေကို ဆင်ခြင်ဖို့ ကမ္ဘာအနှံ့ အရေးကြီး ကိစ္စအဖြစ် ပူးပေါင်းဆောင်ရွက်ကြရေး စတာတွေ ပါဝင်ပါတယ်။

မိန့်ခွန်းပြောဆိုနေချိန်အတွင်း လက်ခုပ်သြဘာ ပေးမှု တွေကြောင့် အကြိမ်များစွာ ရပ်တန့် ပေးခဲ့ရပါတယ်။ လေ့လာ သုံးသပ် သူတွေကတော့ လွှတ်တော်အတွင်း ကွဲပြားနေတဲ့ အလယ်အလတ် သဘောထားရှိသူတွေနဲ့ ရှေးရိုးစွဲ အယူရှိသူတွေ၊ ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကင် ပါတီဝင်တွေက ပုပ်ရဟန်းမင်းကြီးရဲ့ ပြောဆိုချက်တွေ အပေါ် တုန့်ပြန်မှုတွေ ကွဲပြားနေတယ်လို့ ပြောဆိုကြပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အခုဆိုရင် အမေရိကန် နိုင်ငံရဲ့ နိုင်ငံရေးမြို့တော် ဝါရှင်တန်ဒီစီကနေ စီးပွားရေး အချက်ချာမြို့တော် ဖြစ်တဲ့ နယူးယောက်မြို့ ကို ဒေသစံတော်ချိန် ကြာသာပတေးနေ့ နေ့ခင်းပိုင်း မှာ ရောက်ရှိသွားပါတယ်။ အသက် ၇၈ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ သူ့ရဲ့ ပြည့်ကျပ် ဆွဲထားတဲ့ ခရီးစဉ် အတိုင်း ဆက်လက် သွားရောက်နေတာဖြစ်ပါတယ်။ ညနေပိုင်းမှာ St Patrick Cathedral မှာ ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်နေပါတယ်။

သောကြာနေ့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ ကို မိန့်ခွန်းပြောဆိုမှာ ဖြစ်သလို အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့လည်း သီးခြားတွေ့ဆုံဖို့ ရှိပါတယ်။

အဲဒီနောက် ဝေါထရိတ်စင်တာအဆောက်အုံမှာ ကျင်းပမယ့် စက်တင်ဘာ ၁၁ ရက် အမှတ်တရ ဘာသာပေါင်းစုံ ဆုတာင်းပွဲကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ ညနေပိုင်းမှာ Madison Square မှာ ကျင်းပမဲ့ လူထု ဆုတောင်းပွဲကို တက်ရောက်မှာပါ။ အဲဒီမှာ လူပေါင်း ၂ သောင်းလောက် တက်ရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။ စနေနေ့မှာတော့ ဖလယ်ဒါဖီးယား မြို့ကို သွားရောက်ပြီး ဘာတီကန်က စီစဉ်တဲ့ ကမ္ဘာ့မိသားစု အစည်းဝေးကို တက်ရောက်ပါလိမ့်မယ်။