ပုပ်ရဟန်းမင်းကြီး ပါပူအာနယူးဂီနီ ရောက်ရှိ

ပါပူအာနယူးဂီနီ ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး (AP Photo/Gregorio Borgia)

ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ Papua New Guinea တောနက်ထဲက ကက်သလစ်ခရစ်ယာန်တွေနဲ့ တွေ့ဆုံဖို့ ပုပ်ရဟန်းမင်းကြီး Francis ဒီကနေ့ တနင်္ဂနွေနေ့မှာ လေကြောင်းက သွားရောက်ခဲ့ပြီး ဆေးဝါးနဲ့ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။

ကျွန်းမကြီးရဲ့ အနောက်မြောက်စွန်းမှာရှိတဲ့ လူဦးရေ ၁၂၀၀၀ လောက် နေထိုင်ရာ Vanimo မြို့ကို သြစတြေးလျနိုင်ငံရဲ့ တော်ဝင်လေတပ်က C-130 ကုန်တင်လေယာဉ်နဲ့ ပုပ်ရဟန်းမင်းကြီး သွားရောက်ခဲ့တာပါ။ ရေနဲ့ လျှပ်စစ်မီး လုံလုံလောက်လောက် မရတဲ့ ဒေသအတွက် ကီလိုရာချီတဲ့ အကူအညီတွေ သယ်ဆောင်ခဲ့ကြောင်းလည်း ဗာတီကန်ကျောင်းတော် ပြောခွင့်ရ Matteo Bruni ကပြောပါတယ်။

အကူအညီတွေထဲမှာ ဆေးဝါး၊ အဝတ်အစားအပြင် ကျောင်းနေအရွယ် ကလေးတွေအတွက် ကစားစရာနဲ့ ဂီတတူရိယာ ပစ္စည်းတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။ သက်တော် ၈၇ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ၁၁ နှစ်ကြာ ပုပ်ရဟန်းမင်း သက်တမ်းမှာ အရှည်ကြာဆုံး ခရီးစဉ်အဖြစ် အာရှ ၄ နိုင်ငံကို ၁၂ ရက်ကြာ သွားရောက်ရာမှာ Papua New Guinea ကို ရောက်ရှိနေပြီး တနင်္လာနေ့အထိ နေထိုင်သွားမှာပါ။

ခရီးစဉ်အစအဖြစ် ပုပ်ရဟန်းမင်းကြီးဟာ အင်ဒိုနီးရှားနိုင်ငံကို ဝင်ရောက်ခဲ့သလို၊ အရှေ့တိမောနဲ့ စင်္ကာပူနိုင်ငံတွေကို သွားရောက်ပြီး စက်တင်ဘာ ၁၃ ရက်မှာ ဗာတီကန်ကို ပြန်မှာ ဖြစ်ပါတယ်။