အနိမ့်ဆုံး နေ့စားလုပ်ခ သတ်မှတ်ရေး ကန့်ကွက်မှုတွေရှိလာနိုင်

စက်ရုံလုပ်သားတွေ ရန်ကုန်အလုပ်သမားရုံးရှေ့မှာ ဆန္ဒပြစုဝေးနေစဉ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီကနေ ဇွန်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ အဆိုပြုတဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ အလုပ်သမားတွေဘက်ကရော အလုပ်ရှင်တွေဘက်ကပါ ကန့်ကွက်မှုတွေရှိနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအဆိုပြုချက်အပေါ်မှာလည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေဘက်ကလည်း အမြင်အမျိုးမျိုး ရှိနေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြပေးထားပါတယ်။

တနေ့အတွက် အနိမ့်ဆုံးလုပ်အားခကို ကျပ် ၄,၀၀၀ သတ်မှတ်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေချိန်မှာပဲ အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီကနေ တနာရီကို ၄၅၀ ကျပ်နဲ့ တနေ့ ၈ နာရီလုပ်အားခကို ၃,၆၀၀ ကျပ် အဖြစ် သတ်မှတ်နိုင်ရေး အဆိုပြုခဲ့တဲ့အကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်မိုးမိုးသွင်က ပြောပါတယ်။

“အဆိုပြုထားတဲ့နှုန်းထားက တနာရီကို (၄၅၀) နဲ့ (၈) နာရီ တရက်လုပ်ခကို (၃,၆၀၀) သတ်မှတ်ထားပါတယ်။ အဲဒီနှုန်းထားလေးကို ကြေညာထားပြီးတော့ အခု ကန့်ကွက်ရန် ဆန္ဒရှိတဲ့သူ ကန့်ကွက်နိုင်ကြောင်းကိုလည်း အမိန့်ကြော်ငြာစာမှာထည့်ပြီးတော့ ဥပဒေအရ ထည့်သွင်းဖော်ပြထားပါတယ်။ အခုအချိန်ထိတော့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ကို ဘာမှ စာတွေ တက်မလာသေးပါဘူးရှင်။”

အလုပ်သမားတွေတောင်းဆိုနေတဲ့ တနေ့ လုပ်အားခ ကျပ် (၄) ထောင် သတ်မှတ်ရေးသာ ဖြစ်သင့်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောပါတယ်။

“(၃,၆၀၀) ဆိုတဲ့နှုန်းထားကတော့ အလုပ်သမားအတွက် ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တဲ့အတွက် ဥပဒေအမြင်အရပဲပြောပြော၊ လက်ရှိဖြစ်ပျက်နေတဲ့ ယနေ့ကာလ အခြေအနေအရပဲပြောပြော အလုပ်သမားအတွက်ဆိုရင်တော့ ဘယ်လိုမှ မသင့်တော်တဲ့နှုန်းထားဗျ။ ၄ ထောင်နဲ့ ၃ ထောင့် ၆ ရာ မကွာခြားဘူးဆိုတဲ့အမြင်မျိုးကတော့ အလုပ်ရှင်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ မကွာခြားဘူးပေါ့။ ဒါပေမယ့် အလုပ်သမားအနေနဲ့ကြည့်မယ်ဆိုရင်တော့ ကွာခြားတယ်ဗျ။ တလ-ဆိုလို့ရှိရင် သူ့အတွက်က အများကြီးထိခိုက်မှုတွေ ရှိနိုင်တယ်။”

ဒီအဆိုပြုချက်မှာ သတ်မှတ်ထားတဲ့ လုပ်အားခ နှုန်းတားကို အလုပ်ရှင်ဘက်ကရော အလုပ်သမားတွေဘက်ကပါ ကန့်ကွက်နိုင်တာတွေ ရှိပေမယ့် လက်ရှိအခြေအနေအရ သင့်တင့်မျှတကြောင်း အလုပ်သမားရေးဆောင်ရွက်သူ ကိုထွန်းထွန်းနိုင်ကတော့ ပြောပါတယ်။

“ရက်ပေါင်း ၆၀ အတွင်းမှာ လုပ်ငန်းရှင်တွေဘက်ကလည်း သူတို့ ကန့်ကွက်ကြအုံးမှာပဲ။ သေချာတယ်။ အလုပ်သမားတွေဘက်ကလည်း (၄) ထောင်မှ မရရင် မကျေနပ်ဘူးဆိုတာက ရှိနိုင်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ကတော့ တနေ့ (၈) နာရီမှာ (၃,၆၀၀) က လောလောဆယ်အခြေအနေမှာတော့ မျှတတဲ့နှုန်းလို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားတယောက်ရဲ့ တနေ့ (၈) နာရီ လုပ်ခက ၁ ထောင်နဲ့ ၁,၅၀၀ အဲဒီကြားထဲမှာပဲရှိတယ်။ တလကိုမှ ၃ သောင်းလောက်ပဲရှိတယ်။ အခုဥစ္စာက ၃ ထောင်နဲ့ ၆၀၀ ဆိုရင် ဘာပဲပြောပြော တသိန်း ကျော်သွားမှာ။ ဒီတသိန်းကျော်က လခ လုပ်စာ သေချာပေါက် အလုပ်သမားတွေရဲ့ ခိုင်မာတဲ့ လုပ်ခလစာဖြစ်တယ်လေ။ အရင်နှုန်းအတိုင်းဆိုရင် ၁ ထောင်၊ ထောင့်ငါးရာလောက် ပေးထားပြီးတော့ အချိန်ပိုတွေ အများကြီး ဆင်းနေရတယ်။ နောက်တခါ ရက်မှန်ကြေး…ရှိတယ်။ ရက်မှန်ကြေးက ၂ သောင်းပေးထားရင် ၂ ရက်လောက်ပျက်တာနဲ့ အဲဒါ ၂ သောင်းလုံးက ပြုတ်သွားရော။”

ဒီလုပ်အားခနှုန်းထားဟာ အလုပ်သမားတွေနဲ့ပတ်သက်လို့ တနိုင်ငံလုံး တပြေးညီဆောင်ရွက်ဖို့ အဆိုပြုလွှာမှာပါရှိပြီး အလုပ်သမားဦးရေ ၁၅ ဦးအောက်ရှိတဲ့လုပ်ငန်းတွေနဲ့ မိသားစု တနိုင်တပိုင်လုပ်နေတဲ့ လုပ်ငန်းတွေနဲ့တော့ အကျုံးဝင်မှု မရှိဘူးလို့ အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ လက်ရှိမှာတော့ တချို့လုပ်ငန်းခွင့်တွေမှာ တနေ့လုပ်အားခ ၃,၆၀၀ ထက် ပိုပြီး ရနေတဲ့လုပ်ငန်းတွေရှိတဲ့အတွက် အလုပ်သမားတွေဘက်ကလည်း ဒီလိုသတ်မှတ်ချက်ကြောင့် သူတို့လုပ်အားခ လျော့သွားမှာကို စိုးရိမ်နေကြပါတယ်။ အလုပ်ရှင်တွေဘက်ကလည်း ဒီသတ်မှတ်ချက်ကြောင့် အထည်ချုပ်လုပ်ငန်းတွေ ထိခိုက်သွားနိုင်တယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်လောက်ကစပြီး တနေ့လုပ်အားခသတ်မှတ်ပေးရေး ဆန္ဒပြတောင်းဆိုလာခဲ့တာဖြစ်ပြီး အလုပ်ရှင် အလုပ်သမား ပြဿနာတွေလည်း အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ မကြာသေးခင် ဖေဖော်ဝါရီလထဲမှာပဲ ရန်ကုန်မြို့မှာ ထောင်ဂဏန်းရှိတဲ့ အလုပ် သမားတွေက တနေ့လုပ်အားခကို အာဆီယံစံနှုန်းအတိုင်း သတ်မှတ်ပေးဖို့ ပြောထားပါတယ်။ မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ အလုပ် သမားတွေရဲ့တနေ့လုပ်အားခကို ဘတ် (၃၀၀) သတ်မှတ်ပေးထားပြီး မြန်မာကျပ်ငွေနဲ့ဆိုရင် ကျပ် (၁၀,၀၀၀) ခန့် တန်ဖိုးရှိတဲ့ငွေပမာဏ ဖြစ်ပါတယ်ရှင်။