သမ္မတဟောင်း Trump လုပ်ကြံတဲ့ ဖြစ်ရပ်အပေါ် သမ္မတ Biden ပြင်းထန်စွာရှုတ်ချ

သမ္မတဟောင်း Donald Trump အား လုပ်ကြံတဲ့ ဖြစ်ရပ်အပေါ် သမ္မတ Joe Biden က ပြင်းထန်စွာ ပြစ်တင် ရှုတ်ချလိုက်ပြောဆို (REUTERS/Tom Brenner)

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ဖြစ်ရပ်အပေါ် သမ္မတ Joe Biden က ပြင်းထန်စွာ ပြစ်တင် ရှုတ်ချလိုက်ပြီး ဒီဖြစ်ရပ်ကို တနိုင်ငံလုံးက ပြစ်တင်ရှုတ်ချကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

“ဒီလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေအတွက် အမေရိကန်နိုင်ငံအတွင်းမှာ နေရာမရှိပါဘူး။ ဒါဟာ ရွံစရာကောင်းတဲ့ လုပ်ရပ်ပါ။ ဒီလိုဖြစ်ရပ်မျိုးကြောင့် ကျနော်တို့တွေအားလုံး စည်းလုံးညီညွတ်သင့်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို ကျနော်တို့ လက်မခံသင့်ပါဘူး။ ဒါမျိုးကို ကျနော်တို့ ခွင့်မလွှတ်သင့်ပါဘူး” လို့ သမ္မတ Biden က ပြောသွားတာပါ။

သမ္မတ Joe Biden နဲ့ ဒုသမ္မတ Kamala Harris တို့အပြင် သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ Barack Obama နဲ့ George W. Bush တို့ကလည်း နိုင်ငံရေးမှာ အခုလို အကြမ်းဖက်လုပ်ရပ်နဲ့ လုပ်ဆောင်တဲ့အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ပြီး ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

စနေနေ့ညဉ့်နှောင်းပိုင်းက သမ္မတ Biden က သမ္မတဟောင်း Trump ကို တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ကြောင်း သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ပေမယ့် ပြောဆိုတဲ့အကြောင်းအရာ အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။ ဒီဖြစ်ရပ်ကြောင့် Delaware ပြည်နယ်က သူ့ကိုယ်ပိုင်အိမ်မှာ ဆက်နေမယ့်အစီအစဉ်ကို ဖျက်ပြီး သမ္မတ Biden ဟာ ဒီကနေ့ ဇူလိုင်လ ၁၄ ရက်နေ့ အစောပိုင်းမှာ ဝါရှင်တန်က သမ္မတအိမ်ဖြူတော်ကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။