သမ္မတ Biden ပြင်သစ်နိုင်ငံတော် ခရီးစဉ်စတင်

FRANCE-USA/

ပြင်သစ်နိုင်ငံကို နိုင်ငံတော်ခရီး စတင်တဲ့ အမေရိကန်သမ္မတ Joe Biden ကို ပြင်သစ်သမ္မတ Emmanuel Macron က ပါရီမြို့လယ်က Arc de Triomphe မုဂ်ဦးမှာ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။

D-Day ကမ်းတက်စစ်ပွဲ စတင်ခဲ့တာ အနှစ် ၈၀ ပြည့်တဲ့ အခမ်းအနားအတွက် သမ္မတ Biden ဗုဒ္ဓဟူးနေ့ထဲက ပြင်သစ်မှာ ရောက်နေတာဖြစ်ပါတယ်။

ဒီနေ့မှာမှ တရားဝင်နိုင်ငံတော်ခရီး စတင်တဲ့ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ကို ပြင်သစ်သမ္မတနဲ့ သမ္မတကတော်တို့က အညတရစစ်သည်တွေအတွက် ဂုဏ်ပြုထားတဲ့ ပါရီမြို့လယ်က အထင်ကရနေရာမှာ ကြိုဆိုခဲ့ကြတာပါ။ ဒီအခမ်းအနားမှာ သမ္မတ Biden နဲ့ သမ္မတ Macron တို့ လွမ်းသူ့ပန်းခွေချခဲ့ကြပြီး၊ အညတရစစ်သည်အုတ်ဂူမှာ မီးတောက်ကို ပြန်လည်ထွန်းညှိခဲ့ကြပါတယ်။

ဒီအခမ်းအနားအပြီးမှာတော့ ပြင်သစ်တပ်ဖွဲ့အခြံအရံနဲ့ ခေါင်းဆောင်နှစ်ဦးဟာ Champs-Elysees လမ်းမကြီးပေါ်မှာ အတူလမ်းလျှောက်ခဲ့ကြပါတယ်။ နေ့လည်ပိုင်းမှာတော့ Elysee နန်းတော်မှာ သမ္မတ Biden နဲ့ သမ္မတ Macron တို့ နှစ်နိုင်ငံရေးရာတွေအပြင် ယူကရိန်းကို ရုရှားတို့ ကျူးကျော်စစ်တိုက်နေတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မဟာမိတ်နိုင်ငံတွေအတူ စည်းလုံးရင် အာဏာရှင်တွေကို တွန်းလှန်နိုင်တယ်ဆိုတာကို ဒုတိယကမ္ဘာစစ်ပွဲမှာ မဟာမိတ်တပ်တွေဘက်က နာဇီဂျာမနီတပ်တွေကို အောင်နိုင်ခဲ့တာနဲ့ သမ္မတ Joe Biden က ဥပမာပေး ပြောကြားခဲ့ပါတယ်။ အာရှပစိတ်ဖိတ်ဒေသအပါအဝင် ကမ္ဘာ့ဒေသတွေမှာ အမေရိကန်နဲ့ ပြင်သစ်အတူတွဲပြီး လွတ်လပ်၊ လုံခြုံ၊ တိုးတက်အောင် ပံ့ပိုးပေးနေတယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ တွေ့ဆုံအပြီး ပူးတွဲသတင်းစာရှင်းပွဲမှာ သမ္မတ Biden က ပြောကြားသွားခဲ့ပါတယ်။ညပိုင်းကျရင်တော့ နိုင်ငံတော်ညစာစားပွဲနဲ့ ဧည့်သည် အမေရိကန်သမ္မတကို တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။