ကျူးဘားနဲ့ကန်သမ္မတ အပြန်အလှန်ဖုံးနဲ့စကားပြော

အမေရိကန်သမ္မတအိုဘားမားက ကျူးဘားသမ္မတ Raúl Castro နဲ့ တယ်လီဖုံးကတဆင့် စကားပြောစဉ်။ (စက်တင်ဘာ ၁၈၊ ၂၀၁၅)

အမေရိကန်သမ္မတ Barack Obama နဲ့ Cuba သမ္မတ Raul Castro တို့ ရှားရှားပါးပါး တယ်လီဖုံးနဲ့ ဆက်သွယ် စကားပြောခဲ့ကြပါတယ်။ Cuba နိုင်ငံဆီကို ခရီးသွားမှုဆိုင်ရာ ကန့်သတ်ထားမှုတွေနဲ့ Cuba နဲ့ စီးပွားရေးလုပ်တာအပေါ် ကန့်သတ်ထားချက်တွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပြီးနောက်မှာ ခုလို ခေါင်းဆောင်နှစ်ယောက် ဖုန်းဆက်သွယ် စကားပြောခဲ့ကြတာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis အမေရိကန်နဲ့ Cuba နိုင်ငံတွေဆီ လာရောက်မဲ့ကိစ္စကိုလဲ သောကြာနေ့တုန်းက ပြောခဲ့ကြတယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေဖို့အတွက် ပုပ်ရဟန်းမင်းကြီးရဲ့ ဆောင်ရွက်မှုတွေကို သမ္မတအိုဘားမားနဲ့ သမ္မတ Castro တို့ချီးကျူးပြောကြားခဲ့တယ်လို့ ပြောပါတယ်။

Cuba နိုင်ငံအပေါ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုအားလုံးကို အမေရိကန်က ဖယ်ရှားပေးဖို့ Cuba သမ္မတက ထပ်ပြီးတောင်းဆိုခဲ့သလို ပြန်လည်စတင်နေတဲ့ သံတမန်ဆက်ဆံရေးကို ပိုပြီးခိုင်မာအောင် လုပ်ဖို့လိုအပ်တဲ့အကြောင်း အလေးထားပြောခဲ့တယ်လို့ သမ္မတ Castro ရုံးဘက်က ပြောကြားခဲ့ပါတယ်။ အမေရိကန်အစိုးရနဲ့ Cuba အစိုးရတို့ကြား သံတမန်ဆက်ဆံရေး တရားဝင် ပြန်လည်စတင်ခဲ့ပြီး ၂ လ အကြာမှာ Cuba နိုင်ငံကိုသွားတဲ့ ခရီးသွား ကန့်သတ်ချက်တွေကို အမေရိကန်က လျှော့ပေါ့ပေးခဲ့တာဖြစ်ပါတယ်ရှင်။