ဗြိတိန်နိုင်ငံက မင်းသမီး Diana ကွယ်လွန်သွားခဲ့တာ အနှစ် ၂၀ ပြည့်တဲ့ သြဂုတ် လ ၃၁ ရက်နေ့က သူနေထိုင်သွားခဲ့တဲ့ လန်ဒန်မြို့တော်က Kensington နန်းတော်ရှေ့မှာ လူအမြောက်အများလာရောက်ဆုဝေးပြီး အောက်မေ့တသခဲ့ကြပါတယ်။
ပန်းစည်းတွေ၊ ဝမ်းနည်းကြောင်းရေးသားထားတဲ့ Poster တွေကို နန်းတော်ဂိတ်တံခါးအပြင်မှာ မြင်တွေ့ရပါတယ်။ မင်းသမီး Diana ရဲ့သား ၂ ယောက်ဖြစ်ကြတဲ့ မင်းသား William နဲ့ Harry တို့ဟာ မိုးတွေရွာနေတဲ့ကြားကပဲ သူတို့မိခင်အတွက် အမှတ်တရလာရောက် အောက်မေ့ကြသူတွေကို တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ပန်းစည်းလက်ဆောင်တွေကို လက်ခံယူခဲ့ကြပါတယ်။
မင်းသမီး Diana အထိမ်းအမှတ်လုပ်ထားတဲ့ Kensington နန်းတော်ထဲက ပန်းဥယျာဉ်ဆီကိုလည်း မင်းသား ၂ ယောက်နဲ့အတူ မင်းသား William ရဲ့ဇနီး Kate Middleton တို့သွားရောက်ခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ လူသိအများအကျော်ကြားဆုံး အမျိုးသမီးတယောက်ဖြစ်တဲ့ Diana ဟာ အသက် ၃၆ နှစ်အရွယ် ၁၉၉၇ ခုနှစ် သြဂုတ် လ ၃၁ ရက်နေ့ တုန်းက ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကားမှောက်သေဆုံးခဲ့တာဖြစ်ပါတယ်။
Diana ကွယ်လွန်ခဲ့တဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်မတိုင်ခင်သီတင်းပတ်တွေထဲက သူလုပ်ဆောင်သွားခဲ့တဲ့ ပရဟိတလုပ်ငန်းတွေ ဗြိတိန်နိုင်ငံနဲ့ တော်ဝင်မိသားစုအတွက် အကျိုးပြုခဲ့တာတွေကို ဗြိတိန်မှာ အထူးအစီအစဉ်အဖြစ် သတင်းမီဒီယာတွေမှာ ထုတ်လွှင့်ပြသနေပါတယ်။ ပြင်သစ်အပါအဝင် နိုင်ငံတော်တော်များများမှာလည်း Diana အထိမ်းအမှတ်အောက်မေ့ပွဲတွေ၊ အထူးအစီအစဉ်တွေ ထုတ်လွှင့်ပြသကြပါတယ်။
Your browser doesn’t support HTML5