စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ စစ်ကောင်စီက အကျဉ်းချထားပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှု တွေကြောင့် ၂၀၂၄ ခုနှစ်တနှစ်တည်းမှာပဲ သေဆုံးသူ ၉ ဦး ရှိခဲ့ပြီး နှိပ်စက်ညှင်းပမ်းခံရသူ ၁၅၀ ရှိခဲ့ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီဇင်ဘာလ ၃၁ ရက်မှာ နှစ်ချုပ်စာရင်း ထုတ်ပြန်ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ကျောင်းသားတွေ၊ လယ်သမားတွေ၊ တိုင်းရင်းသား တွေကို စစ်ကောင်စီက အကျဉ်းချထားပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုကြောင့် ၂၀၂၄ ခုနှစ် တနှစ်တည်း မှာပဲ သေဆုံးသူ ၉ ဦး ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက VOA ကို ပြောပါတယ်။
"၂၀၂၄ ခုနှစ်အတွင်းမှာပဲ အကျဉ်းထောင်ထဲမှာ ထောင်ကျပြီးသား နိုင်ငံရေးအကျဉ်းသားတွေကို PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖော်ထုတ်သတ်ဖြတ်ခဲ့တာကြောင့် ထားဝယ်အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား နှစ်ဦး၊ မုံရွာမြို့မရဲစခန်းမှာ ဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသားတဦး၊ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေ အရာရှိတွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲ တဲ့အတွက် ကျည်ဆံထိမှန်ကျဆုံးခဲ့တာတွေလည်း ရှိပါတယ်။ မနိုဘယ်လ်အေးနဲ့ ကိုလေးခွင်းတို့ကို လည်း တရားရုံးကအပြန်မှာ စစ်ကောင်စီတပ်တွေက ထွက်ပြေးရန်ကြံစည်တယ်ဆိုပြီး လူတယောက် ကို လွယ်လွယ်ကူကူ သတ်ခဲ့တဲ့နှစ်လို့ ပြောလို့ရပါတယ်။ စာရင်းအရတော့ လူ ၉ ယောက်လောက် ရှိပါတယ်။"
စစ်တပ်အာဏာသိမ်းပြီးကတည်းက ၄ နှစ်နီးပါးကာလအတွင်းမှာ အကျဉ်းကျနေစဉ်အတွင်း သေဆုံးသူ ၂၂ ဦးထိ ရှိခဲ့ပြီး ဒီထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်တို့လည်း ပါဝင်ပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာတော့ နှိပ်စက်ညှင်းပမ်းခံရသူပေါင်း ၁၅၀ ဝန်းကျင် ရှိခဲ့ပြီး ဝေးလံခေါင်သီတဲ့အရပ်တွေကိုပို့ပြီး မိသားစုတွေက ထောင်ဝင်စာပို့နိုင်ဖို့ ခက်ခဲအောင်လုပ်ခဲ့ တာကြောင့် နိုင်ငံရေးအကျဉ်းသား ၁,၈၀၀ နီးပါးဟာ ထောင်ဝင်စာတွေမရဘဲ အခက်အခဲတွေ ကြုံခဲ့ရတယ်လို့လည်းဆိုပါတယ်။
"ပြုစုထားတဲ့စာရင်းက နိုင်ငံရေးအကျဉ်းသား ၁၄၈ ဦး ထောင်အာဏာပိုင်တွေ၊ ထောင်ဝါဒါတွေ ၊ အခြား ရာဇဝတ်သားတွေ၊ လက်ကိုင်ဒုတ်တွေက နှိပ်စက်ညှင်းပမ်းမှုတွေ လုပ်ခဲ့ပါတယ်။ အနည်းဆုံးက အကျဉ်းသား ၃,၀၀၀ ကျော်ကို ရွှေ့ပြောင်းခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၁,၇၈၃ ဦး ပါဝင်ပါတယ်။"
နှိပ်စက်ညှင်းပမ်းခံရသူ ၁၅၀ ဝန်းကျင်ထဲမှာ ၇၀ ကျော်ကတော့ တိုက်ပိတ်တာနဲ့ ထောင်ဝင်စာပိတ်တာ တွေကိုပါ ကြုံခဲ့ရတယ်လို့ဆိုပါတယ်။ ဒီထဲမှာအမျိုးသမီးတွေကတော့ ပိုပြီးဒုက္ခရောက်ပါတယ်။ တချို့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေးငယ်ငယ်နဲ့ထောင်ကျသူတွေဟာ ကလေးရောမိခင်ပါ ထောင်ထဲမှာ ဆင်းရဲပင်ပမ်းစွာနေထိုင်ခဲ့ရတယ်လို့ဆိုပါတယ်။ ကလေးတွေဟာလည်း မိခင်တွေနဲ့အတူ ထောင်ကျနေတဲ့အတွက် တပြိုင်တည်း ကလေးအခွင့်ရေးပါ ချိုးဖောက်ခံနေရပါတယ်။ အဲဒီလို ကလေးငယ်တွေနဲ့အကျဉ်းကျသူ အမျိုးသမီး ၃၅ ဦး ရှိတယ်လို့လည်း နှစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ ဒီအချက်အလက်တွေဟာ အကျဉ်းထောင်ပေါင်း ၄၀ ကျော်က သတင်းအချက်အလက်တွေကို မှတ်တမ်းပြုစုခဲ့တာ ဖြစ်ပါတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက လေးနှစ်နီးပါးအတွင်းမှာ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈,၀၅၁) ဦးရှိကြောင်း၊ အဲဒီထဲက (၂၁,၄၇၉) ဦးက ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး (၉,၉၃၃) ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားအရေးလှုပ်ရှားတဲ့အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေဟာ ချဲ့ကားထားတာသာဖြစ်တယ်ဆိုတာကို တုံ့ပြန်လေ့ရှိပါတယ်။
Your browser doesn’t support HTML5